ဆီမီညိုကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူးတို့နဲ့အပြိုင် ဘုန်းမောက်တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။
လက်ရှိ ဘုန်းမောက်နဲ့ချုပ်ဆိုထားတဲ့ ဆီညိုရဲ့စာချုပ်ထဲမှာ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး အသက်ဝင်မယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းတန် သဘောတူညီချက်တစ်ခုရှိနေပါတယ်။ အဆိုပါ ပေါင် ၆၅ သန်းထဲမှာ အပြီးသတ်ခေါ်ယူခွင့်က ပေါင်သန်း ၆၀ နဲ့ အပိုဆုကြေးပေါင် ၅ သန်းဖြစ်ပြီး ဘုန်းမောက်ဘက်က ကစားသမားကို ရုတ်တရက်လက်လွှတ်ရမှာမျိုးမဖြစ်စေဖို့အတွက် အဆိုပါစာချုပ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ အကျုံးဝင်မှာဖြစ်တယ်လို့သိရပါတယ်။
လောလောဆယ်မှာတော့ ဆီမီညိုကိုခေါ်ယူဖို့ ယူနိုက်တက်နဲ့ မန်စီးတီးတို့က အလားအလာအကောင်းဆုံးဖြစ်နေပြီး လီဗာပူးကလည်း တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ဒဏ်ရာရထားတာကြောင့် ဆီမီညိုကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။ တော့တင်ဟမ်အနေနဲ့လည်း အစောပိုင်းမှာ ဆီမီညိုကိုစိတ်ဝင်စားခဲ့ပေမယ့် ယခုအခါမှာတော့ အပြောင်းအရွှေ့ထဲကနေ နုတ်ထွက်သွားပြီလို့သိရပါတယ်။
ဆီမီညိုဟာ ယခုရာသီမှာ ဘုန်းမောက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးအထိရယူပေးထားနိုင်သူဖြစ်ပြီး ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကိုယ်တိုင် "ထူးခြားတဲ့ကစားသမား" ဖြစ်တယ်လို့ ချီးကျူးထားခဲ့ဖူးပါတယ်။
ဘုန်းမောက်နည်းပြ အန်ဒိုနီအီရာအိုလာက ဆီမီညိုအနေနဲ့ အသင်းမှာရှေ့ဆက်သွားဖို့ အနာဂတ်မသေချာတော့ပေမယ့် ကစားသမားရဲ့ကြိုးစားအားထုတ်မှုတွေကိုတော့ ချီးကျူးပြောဆိုထားပါတယ်။ အီရာအိုလာက "သူက အသင်းအတွက်အကောင်းဆုံးကစားပေးနေသလို၊ အသင်းအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကိုဆက်ပြီးတော့ ထိန်းထားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့အခြေအနေတွေလည်းရှိနေတော့ ခက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆီမီညိုအနေနဲ့ လောလောဆယ်မှာ ဘုန်းမောက်အတွက်သာ အပြည့်အဝအာရုံစိုက်ထားပေမယ့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာတော့ ဘယ်ထိပ်သီးကလပ်သို့ပြောင်းရွှေ့ပြီး ကစားသမားဘဝရှေ့ဆက်သွားမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။