The network connection is lost.

Banner Image

ဒုတိယပိုင်းစွမ်းဆောင်ရည်ကြောင့် အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ဆိုလိုက်တဲ့ အန်ဇိုမာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက နယူးကာဆယ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ သူ့အသင်းပြသခဲ့တဲ့ စိတ်ဓါတ်ပိုင်းကို ကျေနပ်နေခဲ့ပါတယ်။
အခုပွဲစဉ်မှာ နယူးကာဆယ်က ဝေါ်လ်တီမိတ်ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပြီးနောက် ချဲလ်ဆီးအတွက် ရီစီဂျိမ်းစ်နဲ့ ဂျော်အိုပက်ဒရိုတို့က ချေပဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး မာရက်စ်ကာက “ ပထမပိုင်းစွမ်းဆောင်ပိုင်းအရ နယူးကာဆယ်တို့ နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အမြင်အရ ဒုတိယပိုင်းစွမ်းဆောင်ရည်မှာတော့ ကျွန်တော်တို့တွေ နိုင်ပွဲနဲ့ထိုက်တန်ပါတယ်။
ကျွန်တော်တို့အတွက် ဒုတိယမြောက်ချေပဂိုးရရှိပြီးနောက် နောက်ထပ်ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးကောင်း သုံးလေးကြိမ်လောက် ရရှိခဲ့တယ်လို့ ထင်ပါတယ်။ နယူးကာဆယ်လည်း ဟာဗေးဘန်းစ်နဲ့အတူ နောက်ထပ်တစ်ဂိုးလောက် ရရှိသင့်ပါတယ်။ ဒါပေမဲ့ ခြုံပြီးပြောရရင် သရေဆိုတာလည်း မှန်ကန်တဲ့ရလဒ်လို့ ထင်ပါတယ်။
ကျွန်တော့်အတွက် ပထမပိုင်းပွဲချိန်အတွင်း အဓိကသော့ချက်ဖြစ်လာတဲ့အရာက ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးပါပဲ။ ဘာလို့လဲဆိုတော့ ပွဲအစမိနစ်ပိုင်းအတွင်းမှာတင် ဦးဆောင်ဂိုးပေးလိုက်ရပြီဆိုရင် ပွဲစဉ်က ပြိုင်ဘက်လိုချင်တဲ့အတိုင်း ဖြစ်သွားလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ပေးလိုက်ရတဲ့ဦးဆောင်ဂိုးက ကျွန်တော့်အတွက်တော့ အဓိကသော့ချက် ဖြစ်ခဲ့ပါတယ်။
ပြီးတော့ ဒုတိယပိုင်းပွဲချိန်တွေမှာဆိုရင် ကျွန်တော်တို့ နှစ်ဂိုးပြန်သွင်းယူခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ကျွန်တော်တို့တွေ အခုထက်တောင် ဂိုးတွေ ပိုသွင်းယူနိုင်သင့်ပါတယ်။ ဒါပေမဲ့ ဒီကွင်းကြီးမှာ ပထမပိုင်းပွဲချိန်အပြီး နှစ်ဂိုးပြတ်အရေးနိမ့်နေချိန် ပြန်လာနိုင်ဖို့ဆိုတာ ဘယ်အသင်းအတွက်မှ မလွယ်ကူလှပါဘူး”လို့ ပြောပါတယ်။
အလုံးစုံပြန်လည်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဆက်လက်ပြောကြားရာမှာ မာရက်စ်ကာက “ ပထမပိုင်းပွဲချိန်မှာ ပိုကောင်းအောင်လုပ်နိုင်တဲ့အရာတွေ ရှိခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း ကစားသမားတွေပြသခဲ့တဲ့ စည်းလုံးညီညွှတ်မှုအတွက်  သူတို့တွေ ဂုဏ်ယူသွားရပါမယ်။
ဒီကွင်းကြီးအတွင်း ဒီလိုဆူညံပေါက်ကွဲနေတဲ့ အားပေးမှုတွေအောက်မှာ နယူးကာဆယ်ကို နှစ်ဂိုးပြတ်အရေးနိမ့်နေတယ်ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။ အသင်းအများစုလည်း ဒါမျိုးမလုပ်ပြနိုင်ပါဘူး။ ကျွန်တော့်ရဲ့ကစားသမားတွေကတော့ လုပ်ပြနိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။