ယူနိုက်တက်အစား ရီးရဲလ်မက်ဒရစ်ကိုသာ ရူဘင်နီဗက်စ်ရွေးချယ်လိမ့်မယ်လို့ သတင်းထွက်ပေါ်
မန်ချက်စတာယူနိုက်တက်ရဲ့ရည်မှန်းချက်အတွက် ထိုးနှက်ချက်ကြီးတစ်ခုအဖြစ် ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာဖို့ ရူဘင်နီဗက်စ်ဆန္ဒရှိနေတယ်လို့ အယ်လ်ဟီလယ်ကစားသမားဟောင်း အယ်လ်ဂျာဘာရဲ့အဆိုအရ သိရပါတယ်။ သရဲနီတွေက ရူဘင်နီဗက်စ်ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကိစ္စကို အလားအလာရှိတဲ့အခွင့်အလမ်းတစ်ခုအဖြစ် စောင့်ကြည့်နေတာပါ။ အသက်-၂၈ နှစ်အရွယ်ကွင်းလယ်လူကို အခုအချိန်၊ အယ်လ်ဟီလယ်မှထွက်ခွာဖို့ဆိုရင် ပေါင်သန်း ၂၀ ဝန်းကျင်ကုန်ကျနိုင်ပေမယ့် လာမယ့်ခြောက်လအတွင်း စာချုပ်သက်တမ်းကုန်ဆုံးဖွယ်ရှိနေလို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် အလားအလာရှိနေပြန်ပါတယ်။
ဝုဗ်ကွင်းလယ်ကစားသမားဟောင်းက ဆော်ဒီမှာ သီတင်းတစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ ရရှိခဲ့ပြီးနောက် မြင့်မားတဲ့လုပ်ခလစာမျိုးကို မျှော်လင့်နေနိုင်ပါတယ်။ ဗဟိုကွင်းလယ်ကစားသမားတစ်ဦးရရှိဖို့ဆိုတာ ယူနိုက်တက်ရဲ့အဓိကဦးစားပေးပစ်မှတ်အဖြစ် ဆက်ရှိနေပြီး ဘာလီဘာ၊ ဂလယ်ဟာ၊ ဝါတန်နဲ့ အီလီယော့အန်ဒါဆန်တို့ကိုလည်း စိတ်ဝင်စားနေပါတယ်။ စွန့်စားမှုနည်းပါးပြီး အကျိုးအမြတ်များပြားမယ့် ခေါ်ယူမှုမျိုးကို ရီးရဲလ်မက်ဒရစ်ကိုယ်တိုင်လည်း လိုချင်ဖွယ်ရှိလို့ ရူဘင်နီဗက်စ်အတွက် မျှော်လင့်ချက်ကို သရဲနီတို့ လက်လျော့ရဖွယ်ရှိပါတယ်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလတွေကို ဝုဗ်အသင်းနဲ့အတူဖြတ်သန်းခဲ့ဖူးတဲ့ အယ်လ်ဂျာဘာက MBC သတင်းဌာနနဲ့တွေ့ဆုံချိန် စပိန်ဘီလူးကြီးနဲ့ပူးပေါင်းဖို့အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရူဘင်နီဗက်စ် ထွက်ခွာနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ သူက “ အခုရာသီကုန်၊ စာချုပ်သက်တမ်းကုန်ဆုံးချိန် အယ်လ်ဟီလယ်မှ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နီဗက်စ်ထွက်ခွာသွားမယ့်ကိစ္စကို ကျွန်တော်စိုးရိမ်မိပါတယ်။
နီဗက်စ်ကိုခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ရှိပါတယ်။ သူ့ရဲ့အသက်-၃၁ နှစ်အထိ ရှိလာမယ့် သုံးနှစ်သက်တမ်းရှိစာချုပ်တွေနဲ့လည်း ကမ်းလှမ်းထားပါတယ်။ ဒီနေရာမှာ ရီးရဲလ်မက်ဒရစ်လည်း ရှိပါတယ်။ နီဗက်စ်ကို စိတ်ဝင်စားနေတဲ့ အခြားကလပ်အသင်းတွေလည်းရှိတယ်လို့ပဲ ကျွန်တော် ယုံကြည်မိပါတယ်”လို့ ပြောပါတယ်။