The network connection is lost.

Banner Image

ခရီမိုနိစ်အသင်းနဲ့ ပထမဆုံးရက်သတ္တပတ်တွေအကြောင်း ပြန်ပြောင်းပြောပြလာတဲ့ ချဲလ်ဆီးဂန္ထဝင် အက်ရှ်လေကိုးလ်

ခရီမိုနိစ်အသင်းရဲ့ နည်းပြဖြစ်သူ အက်ရှ်လေကိုးလ်က အီတလီစီးရီးဘီမှာ သူစတင်တာဝန်ယူခဲ့တဲ့ ပထမဆုံးရက်သတ္တပတ်တွေအကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ချယ်လ်ဆီးဂန္ထဝင်ကစားသမားကြီးဟာ ပြီးခဲ့တဲ့လကမှ ခရီမိုနိစ်အသင်းရဲ့ နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် ပထမဆုံး စီနီယာနည်းပြဘဝလည်း ဖြစ်ပါတယ်။ အခုအချိန်အထိ သူကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲစဉ်နှစ်ပွဲမှာတော့ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပါတယ်။

အက်ရှ်လေကိုးလ်က The Mail ရဲ့ "Could It Be Magic?" ပေါ့ဒ်ကတ်စ်မှာ အခုလို ပြောပြခဲ့တာပါ။ "ဘာသာစကားက အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက တကယ့်ကို အဓိကအချက်ပါပဲ။ ကျွန်တော်ကူညီပေးမယ့် လက်ထောက်နည်းပြတစ်ယောက်ရဖို့တောင် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီအခွင့်အရေးထဲကို တန်းခုန်ဆင်းလိုက်တာပါပဲ။ ဒါက ကျွန်တော် လက်လွှတ်မခံနိုင်တဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်နေလို့ပါ။"

"အခြေအနေကတော့ ရှင်မလား၊ သေမလား (လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလား) ဆိုတာမျိုးပါပဲ။ အခုလောလောဆယ်တော့ အားလုံးက အဆင်ပြေနေပုံရပါတယ်။ ဒီလိုနေရာမျိုးမှာ အရင်က တစ်ခါမှ မနေခဲ့ဖူးတဲ့အတွက် တော်တော်လေးတော့ ခက်ခဲပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ကြိုပြီး မခန့်မှန်းနိုင်ခဲ့ပါဘူး။"

"ဘာသာစကားပိုင်းမှာ အနည်းငယ် အခက်အခဲရှိနေပါတယ်။ ကျွန်တော် အီတလီမှာ တစ်နှစ်ကျော်လောက် နေခဲ့ဖူးသလို ကျွန်တော့်ဇနီးကလည်း အီတလီလူမျိုးပါ။ ဒါပေမဲ့ ကျွန်တော်က ဘာသာစကားကို သိပ်ပြီး မလေ့ကျင့်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် အခုတော့ စကားလုံးလေးတွေကို အခြေခံကနေ ပြန်ပြီး နားလည်အောင် ကြိုးစားနေရပါတယ်။"

"အခုဆိုရင်တော့ ကစားသမားတွေနဲ့ စကားပြောနိုင်ဖို့နဲ့ ဘာသာစကားပိုင်း ပိုပြီးကျွမ်းကျင်လာဖို့ လိုနေပါပြီ။ ဒါပေမဲ့ ၁၁ ယောက်ချင်း ကစားတဲ့ နည်းစနစ်ပိုင်းတွေမှာတော့ ကျွန်တော် လက်ထောက်နည်းပြ လုပ်ခဲ့တုန်းက သိပ်ပြီး မကိုင်တွယ်ခဲ့ဖူးဘူး။ ဒါက အဓိက ကွာခြားချက်လို့ ပြောရမှာပါ။ အသင်းကို ဘယ်လိုပုံစံနဲ့ ပြင်ဆင်မလဲ၊ ဘယ်လိုဖိအားပေးကစားမလဲ၊ ဒါမှမဟုတ် ကွင်းလယ်မှာ ဘယ်လိုပိတ်ဆို့ကစားမလဲ စတာတွေပေါ့။"

"ရန်လိုတဲ့ပုံစံနဲ့ ကစားမလား၊ ကိုယ့်ဂိုးဧရိယာကို ဘယ်လိုကာကွယ်မလဲ စတဲ့ အသေးစိတ်အချက်အလက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ဒါဟာ စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော် နည်းပြတွေ၊ မန်နေဂျာတွေနဲ့ အတူရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ အခြေအနေကို နားလည်သလို မြန်မြန်ဆန်ဆန်လည်း သင်ယူနိုင်မှာပါ။ ဒါကြောင့် အရာအားလုံးက အဆင်ပြေပါတယ်" လို့ ၎င်းက ဆိုပါတယ်။