The network connection is lost.

Banner Image

ဂျူဗင်တပ်စ်နဲ့ပွဲမှ မန်စီးတီးရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်မိကြောင်းပြောကြားလာတဲ့ ဘာနာဒိုဆေးလ်ဗား

သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဥရောပထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို ၅-၂ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာ အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အုပ်စုပထမပွဲစဉ်မှာ  ဝိုင်ဒက်ကို ၂-၀ ၊ ဒုတိယပွဲစဉ်မှာ အယ်လ်အိန်းကို ၆-၀ နဲ့အနိုင်ရထားခဲ့တဲ့ မန်စီးတီးဟာ ယခုအခါမှာလည်း ဂျရယ်မီဒိုကူ၊ အာလင်းဟာလန်း၊ ဖီးလ်ဖိုဒန်၊ ဆာဗင်ဟိုတို့ရဲ့သွင်းဂိုးတွေနဲ့ ဂျူဗင်တပ်စ်ကို ဂိုးပြတ်အနိုင်ယူခဲ့ပြန်တာဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ အုပ်စုအတွင်း ၃ ပွဲကစားရမှာ စုစုပေါင်း ၁၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ခံစစ်က ၂ ဂိုးသာခွင့်ပြုခဲ့ရပါတယ်။ 

၃ ပွဲအတွင်း ရမှတ် ၉ မှတ်အထိစုဆောင်းနိုင်ခဲ့တာကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ယခုအခါမှာတော့ ရှုံးထွက် ၁၆ သင်းအဆင့်ကို အုပ်စုပထမနဲ့ တက်လှမ်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘာနာဒိုဆေးလ်ဗားက "ကျွန်တော်တို့ဒီနေ့ကစားခဲ့တဲ့ပုံစံကို အရမ်းအားရကျေနပ်ပါတယ်။ ထိပ်တန်းအသင်းတစ်သင်းနဲ့ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်"

"တစ်ဦးချင်းပြုလုပ်မိခဲ့တဲ့ အမှားလေးတွေရှိပေမယ့် ဒီပွဲက ဒီပြိုင်ပွဲအတွင်း ကျွန်တော်တို့ရဲ့အကောင်းဆုံးပွဲပါ။ အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်ခဲ့လို့ ဝမ်းသာပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့က ချန်ပီယံဖြစ်ဖို့အတွက်ရည်ရွယ်ပြီးလာခဲ့တာမို့လို့ ဒီနိုင်ပွဲက ပန်းတိုင်ဆီကို ခြေတစ်လှမ်းတိုးစေခဲ့ပါတယ်။ နောက်ပွဲမှာ ကျွန်တော်တို့ဘယ်အသင်းနဲ့တွေ့သွားမယ်ဆိုတာ စောင့်ကြည့်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးရဲ့အဓိကကွင်းလယ်လူ ရိုဒရီကလည်း ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။ ဘောလွန်းဒီအော်ဆုရှင်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်နိုင်ခဲ့တာကြောင့် ယခုအခါမှာတော့ ကြံ့ခိုင်မှု ပိုမိုတိုးတက်လာတဲ့အခြေအနေမှာရှိနေပါတယ်။ 

ရိုဒရီနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာ ဘာနာဒိုဆေးလ်ဗားက "ကျွန်တော် သူ့အကြောင်းပြောစရာမလိုပါဘူး။ သူ့ရဲ့ကစားသမားဘဝက သူ့အကြောင်းကိုပြောပြထားပြီးသားပါ။ သူက အသင်းအတွက်အရမ်းအရေးပါတဲ့ကစားသမားပါ။ တစ်နေ့ထက်တစ်နေ့ ကြံ့ခိုင်မှု ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်။ နောက်ပွဲအတွက် ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်သွားပါမယ်" လို့ဖြေကြားခဲ့ပါတယ်။