The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့သရေပွဲအပြီး ကွင်းလယ်ဒိုင်အပေါ် ဝေဖန်ခဲ့တဲ့ ရိုဒရီကို အက်ဖ်အေ စွဲချက်တင်

ဒီလအစောပိုင်းက တော့တင်ဟမ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးပြောခဲ့တဲ့မှတ်ချက်စကားတွေကြောင့် မန်စီးတီးကွင်းလယ်လူ ရိုဒရီကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စည်းကမ်းဖောက်ဖျက်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ဆိုလန်ကီရဲ့ ချေပဂိုးကို ဒိုင်က ခွင့်ပြုပေးခဲ့တဲ့အပေါ် ရိုဒရီက တော်တော်လေးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ 
ဆိုလန်ကီဟာ ဂိုးသွင်းချိန်မှာ စီးတီးနောက်ခံလူ မာ့ခ်ဂူဟီရဲ့ ခြေထောက်ကို ကန်ခဲ့တာကြောင့် ဒီဂိုးကို ပယ်ဖျက်သင့်တယ်လို့ ရိုဒရီက ယူဆနေတာဖြစ်ပါတယ်။
ရိုဒရီက"ကျွန်တော်တို့ နိုင်ပွဲတွေအများကြီးရခဲ့လို့ လူတွေက ကျွန်တော်တို့ကို ထပ်ပြီး မနိုင်စေချင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကွင်းလယ်ဒိုင်ကတော့ ဘက်မလိုက်ဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက မတရားပါဘူး။ ကျွန်တော်တို့ ဒီလိုအခြေအနေတွေမှာ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ အခုလို ဆုံးဖြတ်ချက်တွေကြောင့်ပဲရှေ့ဆက်သွားဖို့ ခက်ခဲစေပါတယ်" လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ရိုဒရီက "ပွဲအတွင်းမှာ ပြန်လာဖို့ ကြိုးစားရမှာမှန်ပေမဲ့ ပွဲအပြီးမှာတော့ ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ တကယ့်ကို ထင်ရှားတဲ့ ပြစ်ဒဏ်ဘောမို့လို့ပါ။ သူ (ဆိုလန်ကီ) က ဂူဟီရဲ့ ခြေထောက်ကို ကန်ခဲ့တာပါ၊ ဘောလုံးကို ကန်လိုက်တဲ့ အရှိန်နဲ့ပဲ ဂိုးထဲဝင်သွားခဲ့တာပါ" လို့ ဆိုပါတယ်။
အက်ဖ်အေက ဒီစွဲချက်ကို သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ 
ထုတ်ပြန်ချက်ထဲမှာတော့ "ကွင်းလယ်လူဟာ ပွဲအပြီး အင်တာဗျူးမှာ ဒိုင်လူကြီးတွေအပေါ် ဘက်လိုက်တယ်လို့ ယူဆရတဲ့ စကားတွေပြောခဲ့တာ၊ ဒိုင်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားတွေပြောခဲ့တာတွေဟာ အက်ဖ်အေရဲ့ စည်းမျဉ်း ၃.၁ ကို ချိုးဖောက်ပြီး မလျော်ကန်တဲ့ အပြုအမူမျိုး လုပ်ဆောင်ခဲ့တာလို့ ယူဆရပါတယ်" လို့ ဖော်ပြထားပါတယ်။
ရိုဒရီအနေနဲ့ ဒီစွဲချက်ကို လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့အထိ ပြန်လည်ဖြေရှင်းခွင့် ရှိပါတယ်။ 
တကယ်လို့ ရိုဒရီသာ ပွဲပယ်ခံရမယ်ဆိုရင်တော့ ပရီမီယာလိဂ်ဇယားထိပ်က အာဆင်နယ်နဲ့ ၄ မှတ်အကွာမှာ ရှိနေတဲ့ စီးတီးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာဖို့ရှိနေပါတယ်။