ရိုဒရီကို အက်ဖ်အေ က စွဲချက်တင်ထားသည့်အပေါ် ဂွါဒီယိုလာ တုံ့ပြန်
တော့တင်ဟမ်အသင်းနဲ့ ၂-၂ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ ရိုဒရီ ပြောကြားခဲ့တဲ့ မှတ်ချက်တွေနဲ့ပတ်သက်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ ဆုံးဖြတ်ချက်ကို မန်စီးတီးအသင်းအနေနဲ့ လက်ခံသွားမှာဖြစ်ကြောင်း ပက်ဂွါဒီယိုလာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အဆိုပါပွဲစဉ်မှာ ဒိုမိန်းနစ် ဆိုလန်ကီရဲ့ ပထမဆုံးသွင်းဂိုးကို ဒိုင်လူကြီး ရောဘတ်ဂျုံးစ်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် ရိုဒရီက ဒေါသထွက်ခဲ့တာပါ။ အဆိုပါဂိုးသွင်းယူချိန်မှာ ဆိုလန်ကီဟာ မတ်ဂူဟီကို ကန်ခဲ့တယ်လို့ ယူဆရတာကြောင့် ဒိုင်လူကြီးအပေါ် ရိုဒရီက စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ရိုဒရီက "ကျွန်တော်တို့တွေ အနိုင်ရလွန်းနေလို့ လူတွေက ကျွန်တော်တို့ကို မနိုင်စေချင်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒိုင်လူကြီးကတော့ ဘက်မလိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားထားတာဖြစ်လို့ ဒါဟာ မတရားပါဘူး။ အရာအားလုံး ပြီးဆုံးသွားချိန်မှာ စိတ်ပျက်စရာကောင်းလှပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အဆိုပါဂိုးမပေးရခင်အချိန်အထိ စပါးအသင်းကို ၂-၀ ဂိုးနဲ့ ဦးဆောင်နေခဲ့တာပါ။ ဒါပေမဲ့ ဆိုလန်ကီရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် စပါးကွင်းမှာ နိုင်ပွဲရမယ့်အစား တစ်မှတ်စီနဲ့သာ ခွဲဝေယူခဲ့ရပါတယ်။
"ဒါဟာ သူတို့ရခဲ့တဲ့ ပထမဂိုးပါ၊ အကယ်၍ ဒီဂိုးသာ မရခဲ့ရင် ကျွန်တော်တို့ နိုင်မှာပါ။ တစ်ပွဲပြီးတစ်ပွဲ ဒီလိုတွေပဲ ထပ်ခါတလဲလဲ ဖြစ်နေတာဟာ မဖြစ်သင့်ပါဘူး" လို့ သူက ဆက်ပြောပါတယ်။
"အမှန်အတိုင်းပြောရရင် ကျွန်တော် ဒိုင်လူကြီးတွေအကြောင်း ဘယ်တော့မှ မပြောပါဘူး၊ သူတို့အလုပ်ကိုလည်း အပြည့်အဝ လေးစားပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဒီလိုအရာတွေကို ဂရုစိုက်သင့်ပါတယ်။ သူ (ဆိုလန်ကီ) က ခြေထောက်ကို ကန်လိုက်တာ သိသိသာသာကြီးပါပဲ... ဒါက နှစ်ပွဲ သုံးပွဲဆက်တိုက် ဖြစ်နေတာပါ၊ ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိတော့ပါဘူး" လို့ ရိုဒရီက ဆိုပါတယ်။
ရိုဒရီဟာ ဒိုင်လူကြီးရဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်တာ ဒါမှမဟုတ် ဘက်လိုက်တယ်လို့ ညွှန်းဆိုတဲ့ မှတ်ချက်တွေပေးခဲ့တာကြောင့် "မလျော်ကန်သော အပြုအမူ" လုပ်ဆောင်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။
အဆိုပါစွဲချက်နဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းဖို့ ရိုဒရီ့အနေနဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ အချိန်ရမှာ ဖြစ်ပါတယ်။
ဆဲလ်ဖို့ဒ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေ ဖလားပွဲအပြီးမှာတော့ ဒီစွဲချက်တွေအပေါ် မန်စီးတီးက ဘယ်လိုတုံ့ပြန်မလဲလို့ ဂွါဒီယိုလာကို မေးမြန်းခဲ့ရာမှာတော့ သူက "ကျွန်တာ်လည်း ဘာမှမသိသေးဘူး" လို့ ဖြေကြားခဲ့ပါတယ်။
"အက်ဖ်အေ ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အပြည့်အဝ လက်ခံသွားမှာပါ၊ ဘယ်လို ပြုမူနေထိုင်ရမယ်၊ ဘာတွေ လုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အထက်အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ကျွန်တော်တို့ လက်ခံပါတယ်" လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။