The network connection is lost.

Banner Image

ယူနိုက်တက်အသင်းရဲ့အနာဂတ်အပေါ် ယုံကြည်မှုအပြည့်ရှိနေတဲ့ ဘင်ဂျမင်ဆက်စ်ကို

ယူနိုက်တက်အသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကနေ ဆလိုဗေးနီးယားလက်ရွေးစင် တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ် ဆက်စ်ကို ကို အပိုဆုကြေးတွေအပါအဝင် ပေါင် ၇၃ သန်းဝန်းကျင်နဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းကို ကျော်ဖြတ်ပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းကို ပြောင်းရွှေ့ပြီးတဲ့နောက် ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ ဆက်စ်ကိုက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အနာဂတ်အပေါ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောကြားခဲ့ပါတယ်။ 
"မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းကြောင်းက ထူးခြားပြီး အရမ်းကို အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို တကယ်စိတ်လှုပ်ရှားစေတာကတော့ အသင်းရဲ့အနာဂတ်ပါပဲ။ ဒီအသင်းဟာ မကြာခင်မှာ အကြီးမားဆုံးဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်ပြီး ဆက်ပြီးတော့ တိုးတက်သွားမယ့် အနေအထားမှာရှိတယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်" လို့ ဆက်စ်ကိုက ပြောပါတယ်။

ဆက်စ်ကိုက ကလပ်အသင်းရဲ့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော်ရောက်လာတဲ့ ပထမဆုံးအချိန်မှာ ကလပ်အသင်းဖန်တီးထားတဲ့ ကောင်းမွန်တဲ့စွမ်းအင်နဲ့ မိသားစုပတ်ဝန်းကျင်ကို ခံစားမိပါတယ်။ ကျွန်တော့်ရဲ့အမြင့်ဆုံးစွမ်းရည်ကိုရောက်ရှိဖို့နဲ့ ကျွန်တော့်ရဲ့ရည်မှန်းချက်တွေကို ပြည့်မီစေဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဆိုတာ ရှင်းပါတယ်" လို့ ဆက်စ်ကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၆ ကြိမ်ဖန်တီးပေးနိုင်ခဲ့တာကြောင့် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ 
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘရိုင်ယန်မ်အမ်ဘွေမို၊ မားသီးယပ်စ်ကွန်ညာတို့နဲ့အတူ တိုက်စစ်မှူးအဖြစ် ပူးပေါင်းပါဝင်လာမှာဖြစ်ပါတယ်။