The network connection is lost.

Banner Image

ဆက်စ်ကိုက အကယ်ဒမီကစားသမားတစ်ယောက်နဲ့တူနေတယ်လို့ ရော်ဘီဖောင်လာ ဝေဖန်

လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ ပရီးမီးယားလိဂ်မှာအသားကျဖို့ရုန်းကန်နေရကြောင်းနဲ့ အကယ်ဒမီကစားသမားတစ်ယောက်နဲ့သာပိုတူနေကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက လိုက်ပ်ဇစ်မှာ ယူနိုက်တက်သို့ ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဆက်စ်ကိုဟာ အင်္ဂလန်မြေသို့စတင်ရောက်ရှိချိန်ကတည်းက ဝေဖန်မှုတွေနဲ့တောက်လျှောက်ကြုံတွေ့နေရတာဖြစ်ပြီး ယခုအခါမှာလည်း ကစားသမားဟောင်းတွေက သူ့ကိုဆက်လက်ဝေဖန်နေဆဲဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဆက်စ်ကိုဟာ ရုန်းကန်နေရတဲ့ အသင်းရဲ့တိုက်စစ်ကိုပြုပြင်ပြောင်းလဲပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့ဘဲ ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ ယခုအခါမှာတော့ ရော်ဘီဖောင်လာက "ကျွန်တော့်အတွက်တော့ အခုပရီးမီးယားလိဂ်မှာပိုကောင်းတဲ့တိုက်စစ်မှူးက ယော်ကရက်စ်ပါ။ သူ့ရဲ့ပုံစံက ပရီးမီးယားလိဂ်နဲ့ လိုက်ဖက်မှုရှိပါတယ်။ အမြန်နှုန်း၊ ကစားနိုင်အားနဲ့ အသင်းအပေါ်ထားတဲ့ စိတ်ဓာတ်တွေက ယော်ကရက်စ်မှာပြောစရာမရှိပါဘူး"

"တစ်ဖက်မှာ ဆက်စ်ကိုကတော့ အတော်လေးရုန်းကန်နေရပါတယ်။ သူကဘာနဲ့တူနေလဲဆိုတော့၊ ကျွန်တော်ဒီလိုပြောတာကိုအပြစ်မမြင်စေချင်ပါဘူး။ ဒါပေမယ့်သူက အကယ်ဒမီကစားသမားတစ်ယောက်နဲ့တူနေပါတယ်။ သူက ကစားသမားကောင်းဆိုတာတော့ ကျွန်တော်သံသယမရှိပါဘူး။ သူ့ရဲ့အရည်အသွေးကို ဘယ်သူမှလည်း မေးခွန်းမထုတ်ပါဘူး။ ဒါပေမယ့် ယော်ကရက်စ်နဲ့ယှဉ်လိုက်မယ်ဆိုရင် သူကအနောက်မှာ ပြတ်ကျန်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ၁၁ ပွဲကစားချိန်မှာ ဆက်စ်ကိုဟာ ယူနိုက်တက်အတွက် အရန်ကစားသမားအဖြစ်သာအများအားဖြင့်ပါဝင်ထားရတာဖြစ်ပြီး ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ကိုဆိုဗို၊ ဆွီဒင်တို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဆလိုဗေးနီးယားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကိုလွဲချော်ထားပြီး ဒီဇင်ဘာလရောက်မှသာ ပြန်ကစားနိုင်ချေရှိပါတယ်။