
ပီအက်စ်ဂျီနဲ့ပွဲမှာ အာဆင်နယ်ရင်ဆိုင်မယ့်အသင်းအနေအထားကို အရိပ်အမြွက်ပြောကြားလာတဲ့ အာတီတာ
အစ်ဆွစ်အသင်းကိုအနိုင်ရပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက ပီအက်စ်ဂျီနဲ့ပွဲမှာ ဘယ်ကစားသမားတွေနဲ့စတင်မလဲဆိုတာကို အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ၁ ယောက်လျော့အစ်ဆွစ်ကို အနိုင်ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဖြေထွက်ခဲ့ပြီဖြစ်ပါတယ်။
ရီးရဲလ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အစ်ဆွစ်နဲ့ပွဲမှာ ထရိုဆက်က တိုက်စစ်နေရာကို ဦးဆောင်လာခဲ့ပြီး ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျီးဆပ်စ် နဲ့ ကိုင်ဟာဗက်ဇ်တို့မရှိချိန်မှာ ကွင်းလယ်လူ မာရီနိုက တိုက်စစ်မှူးအဖြစ် ယာယီတာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပါတေးတစ်ယောက် ပီအက်စ်ဂျီနဲ့ပထမအကျော့ပွဲကို လွဲချော်မယ့်အနေအထားမှာ အာတီတာက အစ်ဆွစ်နဲ့ပွဲမှာ အသင်းလူစာရင်းကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။
အစ်ဆွစ်နဲ့ပွဲမှာ ရိုက်စ်ကို နံပတ် ၆ နေရာဆင်းကစားစေပြီး မာရီနိုက box to box နေရာကို တာဝန်ယူခဲ့ကာ ထရိုဆက်ကို တိုက်စစ်အဖြစ် ထားကစားခဲ့ပါတယ်။ အာတီတာရဲ့နည်းစနစ်က အလုပ်ဖြစ်ခဲ့ပြီး လာမယ့်ပီအက်စ်ဂျီနဲ့ပွဲမှာလည်း အခုလူစာရင်းအတိုင်း လုပ်ဆောင်နိုင်ချေရှိနေတာနဲ့ပတ်သက်လို့ အာတီတာက “မှန်ပါတယ်။ သူ(ထရိုဆက်)က ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ကျွန်တော်တို့ သေချာတဲ့ချိန်ညှိမှုတွေလုပ်ရပါမယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ ပါတေးအပါအဝင် အခြားကစားသမားအချို့မပါဝင်နိုင်ပါဘူး။
ဒါပေမယ့် အဲ့တာက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသင်းမှာ လူအင်အားတောင့်တင်းမှုအပြင် ကစားသမားတိုင်းက နေရာစုံမှာကစားနိုင်တယ်ဆိုတာကို ပြသနေပါတယ်။ အဲ့တာက အရမ်းကိုမှလိုအပ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုးအခိုက်အတန့်တွေဖြစ်လာခဲ့ရင်ပေ့ါ။ မာရီနိုက ကွင်းလယ်မှာတစ်ချိန်လုံးကစားလာတာပါ။ ဒါပေမယ့် ယေဘုယျအားဖြင့် ကျွန်တော်တို့မှာ တိုတောင်းတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ နံပတ် ၉ အဖြစ်မြင်ခဲ့ရပြီး အခု ကွင်းလယ်မှာ ထပ်မြင်နေရပါတယ်။ သူ့အနေနဲ့ အကောင်းဆုံးလုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့မကန်ခင် ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးအသင်းက ချန်ပီယံဆုကိုရယူနိုင်တော့မှာဖြစ်ပါတယ်။ “ကျွန်တော်တို့ ကစားသမား ၁၁ ယောက်ကိုမှ ၄ နေရာ ၅ နေရာလောက်အပြောင်းအလဲလုပ်ခဲ့ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူတို့ဘယ်လောက် ပြန်လည်သက်သာလာမလဲကြည့်ရပါမယ်။ ကောင်းတဲ့အရာကတော့ ကစားသမားတွေက ကစားချင်စိတ်ရှိနေတာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့အချိတ်အဆက်မိနေပါတယ်။ အဲ့တာကို လာမယ့် ၃ ရက်တိုင်းမှာ ကျွန်တော်တို့ အသုံးချနေပါတယ်။ အခုအပတ်မှာ ပွဲမရှိတာကြောင့် အနည်းငယ်ကွာဟနိုင်ပေမယ့် ဗုဒ္ဓဟူးနေ့မှာ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကို ကြည့်ရပါမယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။