The network connection is lost.

Banner Image

နွေရာသီမှာ ရောင်းချခံရဖွယ်ရှိနေတဲ့ ဇင်ချန်ကို

အာဆင်နယ် ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဇင်ချန်ကိုဟာ ဒီနွေရာသီမှာ ရောင်းချခံရဖွယ် ရှိနေပါတယ်။ ဇင်ချန်ကိုဟာ မန်စီးတီးမှာ အာတီတာနဲ့ အတူရှိစဉ် ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပက်ဂွါဒီယိုလာရဲ့ လက်ထောက်ဖြစ်ခဲ့တဲ့ အာတီတာ အီးတီဟတ်ကနေ ထွက်ခွာသွားတဲ့အခါ ယူကရိန်းနိုင်ငံသား ဇင်ချန်ကိုက စိတ်ထိခိုက်ပြီး ဝမ်းနည်းခဲ့ရတာပါ။

တစ်ချိန်တည်းမှာပဲ အကယ်၍ သူက မန်စီးတီးကနေ ထွက်ခွာရမယ်ဆိုရင် အာတီတာနဲ့ပဲ အလုပ်လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ ထင်မှတ်ထားတဲ့အတိုင်းပဲ ၂၀၂၂ မှာ သူ အာဆင်နယ်ကို ပြောင်းရွှေ့လာတဲ့အခါ နှစ်ဦးသား ပြန်လည် ပေါင်းစည်းခဲ့ကြပါတယ်။

"မိုင်ကယ် မန်စီးတီးကနေ ထွက်သွားတုန်းက ကျွန်တော့် ခံစားချက်တွေကို ထိန်းမထားနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အတွက် အရမ်းထူးခြားတဲ့သူပါ" 
"သူက ကျွန်တော့်ကို အများကြီး သင်ပေးခဲ့ပါတယ်။ လူသားတစ်ယောက်အနေနဲ့ အံ့သြဖွယ်ကောင်းခဲ့ပြီး လေ့ကျင့်ခန်း တစ်ခုချင်းစီပြီးတိုင်း ကျွန်တော်တို့ လူငယ်ကစားသမားတွေနဲ့ အလုပ်လုပ်တဲ့ ပုံစံ အားလုံးကို ပေးတဲ့ အကြံဉာဏ်တွေက ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ်"

"တစ်နေ့ကျရင် ကျွန်တော် မန်စီးတီးကနေ ထွက်သွားပြီး ပရီးမီးယားလိဂ်မှာ ဆက်နေမယ်ဆိုရင် တစ်ဦးတည်းသော နည်းပြဖြစ်မှာက မိုင်ကယ် အာတီတာပဲလို့ ကျွန်တော့်ရဲ့ အသိုင်းအဝိုင်းကို ပြောခဲ့ပါတယ်" လို့ ဇင်ချန်ကိုက ၂၀၂၃ ခုနှစ်မှာ Daily Mail ကို ပြောခဲ့ပါတယ်။
ဒါပေမယ့်၊ အသက် ၂၈ နှစ်အရွယ် ဇင်ချန်ကိုဟာ မကြာခင်မှာ တခြား နည်းပြတစ်ဦးနဲ့ အလုပ်လုပ်ရတာကို လက်ခံရဖွယ် ရှိနေပါတယ်။ ဒီရာသီမှာ ၁၆ ပွဲသာ ပါဝင်ကစားခဲ့ရပြီး တင်ဘာနဲ့ ကာလာဖီယိုရီတို့ ရှိနေတာပြင် လူငယ်ကစားသမား မိုင်းလ် လူဝစ်စကယ်လီ ထွက်ပေါ်လာတာကြောင့် ဇင်ချန်ကိုဟာ အသင်းမှာ ပိုနေပုံရပါတယ်။

သူ့ရဲ့ အတွေ့အကြုံကြောင့် ၂၀၂၅-၂၆ ရာသီ ကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဇင်ချန်ကိုဟာ အခြားသင်းတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပြီး သင့်တင့်တဲ့ ပြောင်းရွှေ့ကြေး ရရှိနိုင်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ သူဟာ စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်ဖြင့်ထွက်ခွာခြင်း ဒါမှမဟုတ် ဒီနွေရာသီမှာ အပြောင်းအရွှေ့ စာရင်းမှာ ထည့်ခံရမယ့် ကစားသမား အများအပြားထဲက တစ်ဦး ဖြစ်နေပါတယ်။

ဂျီးဆပ်နဲ့ တိုမီယာဆုတို့က ကာလရှည်ဒဏ်ရာတွေနဲ့ အနားယူနေရသူတွေ ဖြစ်ပြီး သူတို့ကလည်း ရောင်းချခံရနိုင်ပေမယ့် ပြန်လည် သက်သာလာမှုပေါ် မူတည်ပါလိမ့်မယ်။ ပါတေး၊ တီယာနေးနဲ့ ဂျော်ဂျင်ဟိုတို့ကလည်း ထွက်ခွာဖွယ် ရှိနေပါတယ်။ အာဆင်နယ်ဟာ မကြာသေးခင် ရာသီတွေမှာ ပရီးမီးယားလိဂ်ဆုဖလားကို ရရှိဖို့ အနီးစပ်ဆုံး အသင်းဆိုတဲ့ အမည်တံဆိပ်ကို ဖယ်ရှားဖို့ အပြောင်းအရွှေ့ ရန်ပုံငွေ စုဆောင်းဖို့ ကြည့်နေပါတယ်။