ဖီဖာကလပ်တိုက်ကြီးများဖလားကိုဆွတ်ခူးပြီး ကလပ်သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ
ဗုဒ္ဓဟူးနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ဖီဖာကလပ်တိုက်ကြီးများဖလားပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ဘရာဇီးကလပ် ဖလာမင်ဂိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကာ ဆုဖလားဆွတ်ခူးပြီးနောက် ကလပ်ရဲ့ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ ကာတာနိုင်ငံ အာမက်ဘင်အာလီအားကစားကွင်းကြီးထဲမှာယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျနေရာမှ အချိန်ပိုယှဉ်ပြိုင်ခဲ့ရာမှာလည်း အနိုင်အရှုံးမပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပီအက်စ်ဂျီအတွက်ဦးဆောင်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၃၈ မိနစ်မှာ ခဗာရက်စ်ခီလီယာက စတင်သွင်းယူပေးခဲ့ပေမယ့် ဖလာမင်ဂိုအတွက်ချေပဂိုးကို ဒုတိယပိုင်း ၆၂ မိနစ်မှာ ချဲလ်ဆီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျော်ဂျင်ဟိုက ပင်နယ်တီမှတစ်ဆင့်ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ထို့နောက်မှာ ၂ သင်းစလုံး နောက်ထပ်သွင်းဂိုးတွေရယူနိုင်ဖို့ အခွင့်အရေးတွေကိုယ်စီဖန်တီးနိုင်ခဲ့ကြပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိသလို၊ ပွဲပြီးကာနီးမှာ ပီအက်စ်ဂျီဘက်မှရရှိခဲ့တဲ့ အခွင့်အရေးကိုလည်း ဘောလွန်းဒီအော်ဆုရှင် အူစမန်ဒမ်ဘီလီက ဖြုန်းတီးခဲ့လို့ ၁-၁ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ ပင်နယ်အဆုံးအဖြတ်မှာတော့ ပီအက်စ်ဂျီဂိုးသမား မတ်ဗေး ဆာဖိုနော့ဗ်က လက်စွမ်းပြပြီး ပင်နယ်တီ ၄ လုံးအထိကာကွယ်နိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီက ၂-၁ ဆိုတဲ့ရလဒ်နဲ့ပဲ အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဖီဖာကလပ်တိုက်ကြီးများဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဖီဖာကလပ်တိုက်ကြီးများဖလားကိုဆွတ်ခူးနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီဟာ ပြက္ခဒိန် ၁ နှစ်အတွင်း ချန်ပီယံလိဂ်၊ လီဂူဝမ်း၊ ပြင်သစ်ဖလား၊ ပြင်သစ်စူပါဖလားနဲ့ ဥရောပစူပါဖလား စုစုပေါင်း ဆုဖလား ၆ လုံးအထိဆွတ်ခူးနိုင်တဲ့ စံချိန်မှတ်တမ်းကိုပိုင်ဆိုင်ခဲ့ပါတယ်။