အာဆင်နယ်မှ လူးဝစ်စကယ်လီ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်လာတဲ့ နည်းပြအာတီတာ
အာဆင်နယ်နည်းပြအာတီတာက လူငယ်ကစားသမားလူးဝစ်စကယ်လီ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားလိုက်ပါတယ်။
လတ်တလောထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အသက် ၁၉ နှစ်အရွယ် လူးဝစ်စကယ်လီကို ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူးဝစ်စကယ်လီက အာဆင်နယ်မှထွက်ခွာဖို့ လုံးဝစိတ်ကူးမရှိဘဲ နည်းပြအာတီတာလက်အောက်မှာ ပွဲထွက်ခွင့်ရဖို့အတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့(သြဂုတ်လ ၁၂ ရက်)၊ ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းနဲ့ခြေစမ်းပွဲမှာ လူးဝစ်စကယ်လီက ကွင်းလယ်မှာ ပွဲထွက်ကစားခဲ့သလို အသင်းအတွက် အဖွင့်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အာဆင်နယ်က ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး လူးဝစ်စကယ်လီရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ အာတီတာက တိုက်ရိုက်အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
"သူက အရမ်းကို စိတ်အားထက်သန်တဲ့ ကစားသမားတစ်ဦးပါ။ ကွင်းထဲမှာ သူ ဘယ်လိုတွေ တုံ့ပြန်ပြသခဲ့လဲဆိုတာ မှတ်မိကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီလိုခန့်မှန်းပြောဆိုနေကြတဲ့ သတင်းတွေအကြောင်း မပြောချင်ပါဘူး" လို့ အာတီတာက ဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ကစားသမားတွေအကြောင်း အခုလို သတင်းတွေထွက်နေတယ်ဆိုတာ ကောင်းတဲ့လက္ခဏာပါပဲ။ ဒါက လူတွေရဲ့အာရုံစိုက်မှုကို ရရှိနေသလို ကစားသမားတွေကိုယ်တိုင်လည်း သူတို့အလုပ်ကို ကောင်းကောင်းလုပ်နေကြတယ်ဆိုတဲ့ သဘောပါပဲ" လို့ အာတီတာက ထည့်သွင်းပြောကြားခဲ့ပါတယ်။