The network connection is lost.

Banner Image

အာဆင်နယ်နဲ့ ၂ ဦးသဘောတူလမ်းခွဲခဲ့တဲ့ နောက်ခံလူ တိုမီယာစု

ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ နောက်ခံလူ တိုမီယာဆုတစ်ယောက် အာဆင်နယ်အသင်းနဲ့ ၂ ဦးသဘောတူလမ်းခွဲခဲ့တယ်လို့ သိရပါတယ်။ ဘီဘီစီသတင်းဌာနရဲ့အဆိုအရ ဂျပန်သားဟာ အာဆင်နယ်မှာ ၄ နှစ်ကြာကစားခဲ့ပြီးနောက် လမ်းခွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ၆ မိနစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ လက်ရှိဒဏ်ရာအခြေအနေကြောင့် ၅ လလောက်အထိ ဆက်နားရမှာဖြစ်ပြီး ၂၀၂၃ တုန်းကလည်း တူညီတဲ့ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ စာချုပ်သက်တမ်းက ၂၀၂၆ မှာမှကုန်ဆုံးမှာဖြစ်ပေမယ့် တစ်နှစ်စောပြီး ၂ ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

သောကြာနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ အာဆင်နယ်က “ကျွန်တော်တို့ စာချုပ်ထဲမှာပါတဲ့အချက်ကြောင့် တိုမီနဲ့ ၂ ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။ အသက် ၂၆ နှစ်သားဟာ ၂၀၂၁ သြဂုတ်လတုန်းက ဘိုလော့ဂ်နာအသင်းထံကနေ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၈၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း တိုမီရဲ့အချိန်တွေက ဒဏ်ရာကြောင့် ကန့်သတ်ချက်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၂ ဦးသဘောတူလမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ကစားသမားဘဝအသစ်လည်း စတင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အာဆင်နယ်မှာရှိတဲ့သူတိုင်းက တိုမီလုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ တိုမီ နဲ့ သူ့မိသားစုလည်း အနာဂတ်မှာအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ အာဆင်နယ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ရာမရခင်အချိန်အထိ တိုမီဟာ အကောင်းဆုံးစွမ်းဆောင်ရည်တစ်ရပ်ပြသနိုင်ခဲ့ပြီး ညာခြမ်းမှာကော ဘယ်ခြမ်းမှာပါ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တင်းဘား ၊ ကာလာဖီအိုရီ နဲ့ စကယ်လီတို့ပေါ်လာချိန်မှာပဲ တိုမီလည်းဒဏ်ရာရရှိနေတာကြောင့် အခုလိုအခြေအနေဖြစ်လာခဲ့တာဖြစ်ပါတယ်။ တိုမီဟာ လူငယ်ဘဝတုန်းက ဘာစီလိုနာကိုပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့သလို ဘာစီလိုနာလူငယ်အသင်းကမ့်ကိုလည်း အသက် ၁၁ နှစ်မှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် လာမာစီယာထံလာရောက်ဖို့ကမ်းလှမ်းခံခဲ့ရပေမယ့် အခြေအနေတွေက ရှုပ်ထွေးခဲ့ပြီး အဲ့အစား ဂျပန် နဲ့ ဘယ်လ်ဂျီယံမှာသာ အချိန်ကုန်ဆုံးခဲ့ရသလို အာဆင်နယ်ကိုမပြောင်းခင် ၂၀၁၉ မှာ ဘိုလော့ဂ်နာအသင်းထံရောက်ရှိလာခဲ့ပါတယ်။တိုမီယာဆုအနေနဲ့ အသက် ၂၆ နှစ်ပဲရှိသေးတာကြောင့် ဒူးဒဏ်ရာကနေပြန်လာချိန်မှာ အသင်းသစ်တစ်သင်းကို ရှာဖွေဖွယ်ရှိနေပါတယ်။