The network connection is lost.

Banner Image

ဂျိုကာရက်စ်ကို စင်္ကာပူသို့ရောက်ရှိနေတဲ့ အသင်းလူစာရင်းနဲ့ တစ်ခါတည်းပူးပေါင်းခိုင်းသွားမယ့် အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ပြီးတာနဲ့တစ်ပြိုင်နက် စင်္ကာပူသို့ရာသီကြိုခရီးစဉ်ထွက်ခွာသွားတဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းပူးပေါင်းခိုင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ အာဆင်နယ်ဟာ ခြေစမ်းပွဲစဉ်အဖြစ် ကြာသပတေးနေ့မှာ အေစီမီလန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဂျိုကာရက်စ်ကို ထည့်သွင်းအသုံးပြုဖွယ်မရှိပေမယ့် တနင်္ဂနွေနေ့ နယူးကာဆယ်နဲ့ပွဲမှာတော့ ဆွီဒင်လက်ရွေးစင်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုသွားဖွယ်ရှိပါတယ်။ ယခုနွေရာသီအတွင်း လိုအပ်နေတဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ကြိုးစားနေတဲ့အာဆင်နယ်ဟာ ဂျိုကာရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၃.၈ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

အင်္ဂါနေ့က ဂျိုကာရက်စ်ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ အာတီတာက "ကျွန်တော်တို့အသင်းကမဟုတ်တဲ့ ကစားသမားတစ်ယောက်အကြောင်း အခုချိန်မှာ မပြောနိုင်သေးပါဘူး။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ အပြောင်းအရွှေ့အတွက် ခိုင်မာတဲ့ကမ်းလှမ်းမှုကို ပြုလုပ်နိုင်ခဲ့ရင်တော့ သူ့အကြောင်းပြောလို့ရပါတယ်"

"အပြောင်းအရွှေ့ကာလက အချိန်တွေအများကြီးကျန်နေသေးလို့ ကျွန်တော်တို့ ကစားသမားသစ်တွေ ရှာဖွေနေဆဲပါ။ အသင်းရဲ့အရည်အသွေးတိုးတက်လာဖို့ ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း အသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်အများကြီးကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်အနေနဲ့ ဂျိုကာရက်စ်ကိုခေါ်ယူလိုက်နိုင်ပြီဖြစ်လို့ ယခင်ကခေါ်ယူဖို့ကြိုးစားနေခဲ့တဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုကို ထပ်မံကြိုးစားလာဦးမလားဆိုတာ မသေချာတော့ပါဘူး။ သို့သော်လည်း အာတီတာက အသင်းဟာ ကစားသမားတွေဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းပြောကြားထားတာကြောင့် နောက်ထပ်အပြောင်းအရွှေ့တွေ ဆက်လက်မြင်တွေ့သွားရဖွယ်ရှိနေပါတယ်။