စပို့တင်းကြယ်ပွင့်လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ လီဗာပူး
လီဗာပူးအသင်းက စပို့တင်းလစ္စဘွန်းကြယ်ပွင့်လူးဝစ်ဆွာရက်ဇ်ကို မျက်စိကျနေပါတယ်။
ကိုလံဘီယာလက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အယ်လ်မီရီယာအသင်းမှ စပို့တင်းလစ္စဘွန်းဆီ ရောက်ရှိလာခဲ့ပြီး ပေါ်တူဂီမြေ၊ ပွဲဦးထွက်ဘောလုံးရာသီမှာ ထူးထူးခြားခြားခြေစွမ်းပြသနေပါတယ်။
သူက အခုရာသီ၊ ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင်ကစားထားပြီး ၃၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ထားပါတယ်။
အတိတ်မှာတော့ ဒီကိုလံဘီယာတိုက်စစ်မှူးကို နယူးကာဆယ်က ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ လီဗာပူးက ဆွာရက်ဇ်ကို လာမယ့်အပြောင်းအရွှေ့စျေးကွက်အတွင်း ခေါ်ယူသွားဖို့ အလေးအနက် စဉ်းစားနေတယ်လို့ Correio da Manhã သတင်းစာမှ ဖော်ပြလာပါတယ်။
ဒါကြောင့် ဆွာရက်ဇ်ကိုခေါ်ယူနိုင်ဖို့ လီဗာပူးနဲ့ နယူးကာဆယ်တို့အကြား အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။
လတ်တလော ဆွာရက်ဇ်ရဲ့ စပို့တင်းလစ္စဘွန်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို သန်း ၈၀ အထိရှိတယ်လို့ သိရပါတယ်။