The network connection is lost.

Banner Image

စာချုပ်ပါ အချက်တစ်ခုကြောင့် ဒါဝင်နူနက်ဇ်ရဲ့ပွဲကစားချိန် ကန့်သတ်ခံထားရတယ်ဆိုတဲ့ ဆွေနွေးမှုတွေကို အန်းစလော့ ပယ်ချ

နောက်ထပ်တစ်ကြိမ်ပွဲထွက်ခွင့်ရရှိလိုက်တာနဲ့ ဒါဝင်နူနက်ဇ်အတွက် လီဗာပူးက အသင်းဟောင်းဘင်ဖီကာဆီ ပေါင် ၅ သန်းပေးချေရမယ်ဆိုတဲ့ စာချုပ်ပါ အချက်တစ်ခုကြောင့် ဥရုဂွေးတိုက်စစ်မှူးရဲ့ ပွဲကစားချိန်တွေ ကန့်သတ်ခံထားရတယ်ဆိုသောဆွေးနွေးမှုတွေကို အန်းစလော့ကိုယ်တိုင် ပယ်ချခဲ့ပါတယ်။ အခုသီတင်းပတ်၊ ပေါ်တူဂီပြည်တွင်းသတင်းတွေအရ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ခုပေါင်း ပွဲ ၆၀ အထိ လီဗာပူးအသင်းကိုယ်စားပြုကာ ဒါဝင်နူနက်ဇ် ပွဲထွက်ကစားမယ်ဆိုရင် လစ္စဘွန်းအခြေစိုက်ကလပ်က အပိုထပ်ဆောင်းဆုကြေးတစ်ရပ် ပိုင်ဆိုင်သွားလိမ့်မယ်လို့ သိရပါတယ်။ လက်ရှိမှာ ဥရုဂွေးတိုက်စစ်မှူးက ပြိုင်ပွဲနှစ်ရပ်ပေါင်း ၅၉ ပွဲအထိ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ပြီးပါပြီ။

ဒီသတင်းတွေက လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်ခန့်ကာလ၊ လေ့ကျင့်ရေးကွင်းရန်ပွဲတစ်ခုမှာ ပါဝင်ခဲ့မှုစွဲချက်နဲ့ ဒါဝင်နူနက်ဇ်ကို အသင်းလူစာရင်းမှ ချန်လှပ်ထားခြင်းဖြစ်တယ်ဆိုတဲ့အတွေးတွေကို အန်းစလော့ကိုယ်တိုင် ပယ်ချပြီးနောက် ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် လီဗာပူးနည်းပြက တိုက်စစ်မှူးမှာ ဒဏ်ရာပြဿနာမရှိဘူးလို့ ရှင်းပြပါတယ်။

အခုထွက်ပေါ်နေတဲ့သတင်းအချက်အလက်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ အန်းစလော့က “ သတင်းထောက်တွေ ပြောတာကို အမြဲတမ်းယုံကြည်ပါသလား? အမြဲတမ်းမယုံကြည်မိဘူးလား?  ကျွန်တော်ကတော့ အမြဲတမ်းမယုံကြည်ပါဘူး။ တခါတလေ ယုံကြည်လိုက်သင့်ပေမယ့် တခါတလေတော့ ကစားသမားတွေအကြောင်း ရေးသားဖော်ပြနေတဲ့အရာရာတိုင်းကို မယုံကြည်တာ ပိုကောင်းပါတယ်။

ဒါက ကျွန်တော့်အတွက်တော့ လုံးဝကို အသစ်အဆန်းတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်လုပ်ရတာ အရမ်းပျော်စရာကောင်းတဲ့ကလပ်အသင်းတစ်ခုမှာ လုပ်ကိုင်နေပါတယ်လို့ အကြိမ်များစွာ ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် အားကစားဒါရိုက်တာတွေကို သူတို့ခေါ်လာတဲ့ကစားသမားတွေကိုယ်တိုင်ကပဲ အဓိကအားဖြင့် အကဲဖြတ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုရှိနေဖို့ကသာ အရေးအကြီးဆုံးအရာဖြစ်ပါတယ်။ အခု ဒါကို ရစ်ချတ်ဟုဂျ်နဲ့အတူ ကျွန်တော် ရရှိနေပါပြီ။

၁၀ လကြာ သူနဲ့အတူ အလုပ်တွဲလုပ်ပြီးနောက် ကျွန်တော်မျှော်လင့်ထားသလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူကိုယ်တိုင်နောက်ဆုံးအနေနဲ့လုပ်ရမယ့်အရာဆိုရင်လည်း ‘ဒါဝင်နူနက်ဇ်ကို ပွဲကစားခွင့်ပေးလိုက်ရင် ကုန်ကျစရိတ်တွေ အများကြီးရှိလာနိုင်တယ်’ဆိုတဲ့ အချက်ကို ကျွန်တော့်ဆီ ပြောပြလိုက်ဖို့ပါပဲ။ ဒါပေမယ့် ရစ်ချတ်ဟုဂျ်ကိုယ်တိုင်လည်း ဒါမျိုးကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အချင်းချင်း ဒီအကြောင်းအရာကို မဆွေးနွေးခဲ့ဖူးလို့ ဒီအချက်က မှန်လား၊ မှားလားဆိုတာတောင် ကျွန်တော် မသိပါဘူး။ သူက ဘယ်တုန်းကမှ ပွဲထွက်လူစာရင်းနဲ့ပတ်သက်လို့ ကြားမဝင်ခဲ့ဖူးပါဘူး။ ဒီအချက်က မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ဂျာနယ်လစ်တစ်ဦးက ဒီအချက်ကို ပြောလာမယ်ဆိုရင်တော့ အရမ်းကြီးမယုံကြည်သင့်ပါဘူး”လို့ ပြောပါတယ်။

ဒါဝင်နူနက်ဇ်ရဲ့အန်ဖီးလ်ကစားသမားဘဝကလည်း အခုဘောလုံးရာသီကျော်လွန်ချိန်မှာ မရေရာမှုတွေနဲ့ ပြည့်နှက်လာပါလိမ့်မယ်။ လီဗာပူးအသင်းက ကစားသမားကို ရာသီဝက်ကာလမှာ လက်မလွှတ်လိုမှုကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အယ်လ်နာဆာထံမှ ကမ်းလှမ်းမှုတစ်ရပ်ကို ပယ်ချခဲ့ဖူးပါတယ်။သို့သော် ဆော်ဒီတွေက သူတို့ရဲ့စိတ်ဝင်စားမှုကို ဆက်ထိန်းသိမ်းထားပါတယ်။