The network connection is lost.

Banner Image

နယူးကာဆယ်မှထွက်ခွာပြီးနောက် နည်းပြဟောင်းအက်ဒီဟိုဝီနဲ့ စကားမပြောဖြစ်ဘူးလို့ ဝန်ခံလိုက်တဲ့ အီဆက်ခ်

နယူးကာဆယ်မှထွက်ခွာလာပြီးနောက်ပိုင်း နည်းပြဟောင်းအက်ဒီဟိုဝီနဲ့ စကားမပြောဖြစ်ခဲ့ဘူးလို့ လီဗာပူးတိုက်စစ်မှူးအီဆက်ခ်က အတိအလင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အီဆက်ခ်က အခုနွေရာသီ၊ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ ငှက်ကျားတွေဆီမှထွက်ခွာကာ လီဗာပူးဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဆွီဒင်သားက အန်ဖီးလ်ဆီ ငွေလုံးငွေရင်းကြီးကြီးမားမားဖြင့် အငြင်းပွားဖွယ် ပြောင်းရွှေ့လာခြင်းရဲ့အရိပ်မှရုန်းထွက်ကာ ရှေ့ဆက်နိုင်ဖို့ ရည်မှန်းထားပြီး အတိတ်မှာ လှောင်ပိတ်မိနေတာမျိုး မဖြစ်စေချင်ပါဘူး။

အီဆက်ခ်က လီဗာပူးဆီ ပြောင်းရွှေ့ဖို့ကြိုးစားရာမှာ အသင်းဟောင်းနယူးကာဆယ်အနေဖြင့် ကတိကဝတ်တွေ ချိုးဖောက်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆွီဒင်သားက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အက်ဒီဟိုဝီရဲ့ အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ပရီးမီးယားလိဂ် ၂၃ ဂိုးအထိ သွင်းယူကာ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ရာသီကြိုကာလပြင်ဆင်ချိန်ပျက်ယွင်းမှုကြောင့် အီဆက်ခ်ရဲ့လီဗာပူးကစားသမားဘဝစတင်မှုက ရုန်းကန်မှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ အမှန်တကယ်လည်း အသက်-၂၆ နှစ်အရွယ်ကစားသမားက ချန်ပီယံရှစ်ကလပ်ဆောက်သမ်တန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာသာ ဂိုးသွင်းယူနိုင်ခဲ့ပြီး လီဗာပူးရဲ့နောက်ဆုံးလေးပွဲဆက် ပွဲချိန်ပြည့်ပါဝင်ကစားနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့ အီဆက်ခ်က အခုအောက်တိုဘာနိုင်ငံတကာသီတင်းပတ်အတွက် ဆွီဒင်အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဆွီဒင်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အဖွင့်ပွဲစဉ်နှစ်ခုလုံးမှာ နိုင်ပွဲပျောက်ခဲ့ပေမယ့် တိုက်စစ်မှူးကိုယ်တိုင်ကတော့ လာမယ့်သီတင်းပတ်၊ ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်မစတင်မီ အစီအစဉ်တွေအတိုင်း အရှိန်အဟုန်ကောင်းတစ်ခု ပြန်ရရှိလာဖို့ မျှော်လင့်နေပါတယ်။

ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရမယ့် ဆွီဒင်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် အီဆက်ခ်က ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို အတိတ်မှာချန်ထားခဲ့ခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူက “ အခုအချိန်မှာ ကျွန်တော့်ရဲ့စိတ်ထဲ ဘာမှမရှိတော့ပါဘူး။ ဒါမျိုးဆိုတာ ကျွန်တော့်အတွက်ရော၊ နယူးကာဆယ်အတွက်ပါ အကျိုးကျေးဇူးမရှိစေပါဘူး”လို့ ပြောပါတယ်။

နယူးကာဆယ်မှထွက်ခွာလာပြီးနောက်ပိုင်း ဟိုဝီနဲ့ စကားပြောဖြစ်သလားဆိုတဲ့မေးခွန်းကို အီဆက်ခ်က “ No. မပြောဖြစ်ပါဘူး”လို့ ရိုးရိုးရှင်းရှင်းပဲ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ငှက်ကျားတွေကလည်း နောက်ဆုံးမှာ လီဗာပူးဆီ ထွက်ခွာသွားတဲ့ တိုက်စစ်မှူးနေရာမှာ အစားထိုးဖို့ စတုဂတ်ရဲ့ဝေါ်လ်တာမိတ်နဲ့ ဘရန့်ဖို့ဒ်ရဲ့ဝစ်ဆာတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အီဆက်ခ်က လီဗာပူးဆီပြောင်းရွှေ့လာပြီးနောက်ပိုင်း သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကိုတည်ဆောက်ဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူးဟောင်းက လီဗာပူးဆီ ပြောင်းရွှေ့ခွင့်ရရှိဖို့ နွေရာသီကာလပြင်ဆင်မှုတစ်ခုလုံးကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အီဆက်ခ်က “ ကျွန်တော်ကတော့ ကိုယ့်ရဲ့ပုံစံအတိုင်းကစားနိုင်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ အရာရာတိုင်းက ကျွန်တော်တို့အတွက် အနည်းငယ်ခက်ခဲခဲ့ပါတယ်။ အသင်းတိုးတက်လာပြီး ကောင်းကောင်းမွန်မွန်လည်ပတ်လာနိုင်ပြီဆိုရင် ကျွန်တော့်အတွက်လည်း ကောင်းတဲ့အရာတွေ ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်အထိတော့ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ အရေးအကြီးဆုံးအရာဖြစ်တဲ့ အသင်းပရိသတ်တွေနဲ့ အရမ်းကောင်းတဲ့ဆက်ဆံရေးကောင်းတစ်ခုရှိတဲ့ ကလပ်အသင်းတစ်ခုပါ။ ဒါက အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲစဉ်မတိုင်ခင် အီဆက်ခ်က “ လိုအပ်မယ်ဆိုရင် ပွဲချိန်ပြည့်ပါဝင်ကစားဖို့ ကျွန်တော် အဆင်သင့်ရှိပါတယ်။ တစ်လတောင် ရှိသွားပါပြီ။ ကျွန်တော့်အတွက်လည်း ပွဲကစားချိန်တွေ ပိုရရှိလာပြီး အခြေအနေတွေ ငြိမ်သက်သွားပါပြီ။ အရင်အချိန်တွေထက် ပိုကောင်းတဲ့အနေအထားမှာ ရှိနေတယ်လို့ ခံစားရပါတယ်”လို့ ပြောပါတယ်။

လီဗာပူးက အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ခဲ့ပါတယ်။ အန်ဖီးလ်သားတွေက ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်စတင်ချိန်၊ အိမ်ကွင်းမှာ ခါးသီးပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရပါမယ်။