The network connection is lost.

Banner Image

မန်စီးတီးရဲ့ ပစ်မှတ် ကရူးပီကို ချဲလ်ဆီးအနေနဲ့ ခေါ်ယူသင့်တယ်လို့ မာလူဒါ အကြံပြု

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဖလောရင့် မာလူဒါက အီလီဂျူနီယာ ကရူးပီနဲ့ သူ့အပေါ် စိတ်ဝင်စားနေတဲ့ ထိပ်သီးကလပ်အသင်းတွေရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။

ကရူးပီဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းနဲ့အတူ တောင်ဘက်ကမ်းရိုးတန်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် ခြေစွမ်းပြနေသူဖြစ်ပြီး ချဲလ်ဆီးနဲ့ မန်စီးတီးတို့အပါအဝင် ထိပ်သီးအသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ရရှိထားတာပါ။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဒီကစားသမားလေးဟာ ဘုန်းမောက်အသင်းအတွက် ၂၉ ပွဲကစားပြီး ၁၁ ဂိုးအထိ သွင်းယူပေးထားကာ ပရီမီယာလိဂ်ကို တုန်လှုပ်စေခဲ့သလို၊ သူ့ရဲ့အသင်းကိုလည်း နောက်ရာသီ ဥရောပဝင်ခွင့်ရဖို့ အနီးစပ်ဆုံးအနေအထားကို ပို့ဆောင်ပေးထားပါတယ်။

မာလူဒါက Snabbare နဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီးအနေနဲ့ ဒီလူငယ်ကစားသမားကို အရင်ဆုံးခေါ်ယူပြီးမှ အခြားအသင်းတစ်သင်းဆီ အငှားချထားတဲ့ နည်းလမ်းကို အသုံးပြုသင့်တယ်လို့ ယုံကြည်နေပါတယ်။

"ကရူးပီက ချဲလ်ဆီးကိုလား? သူက တကယ့်ကို ပါရမီရှိတဲ့သူပါ။ ပြင်သစ်မှာ ကစားတုန်းက သူ့အဖေနဲ့ ကျွန်တော် ရင်ဆိုင်ကစားခဲ့ဖူးတာ မှတ်မိပါသေးတယ်။ သူ့အဖေက အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားပါ။ သူဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့သလို၊ အခုရာသီမှာလည်း ခြေစွမ်းပြနေတာကို မြင်ရလို့ ဝမ်းသာပါတယ်" လို့ မာလူဒါက ဆိုပါတယ်။

ဒါ့အပြင် "ဒါပေမဲ့ ထိပ်သီးအသင်းကြီးကို မသွားခင် ပရီမီယာလိဂ်မှာ အနည်းဆုံး တစ်ရာသီလောက် ထပ်ပြီး ခြေစွမ်းပြဖို့ လိုပါသေးတယ်။ ပြိုင်ဆိုင်မှုတွေ အရမ်းများတဲ့ အသင်းကြီးတွေဆီကို စောစောစီးစီးသွားရင် ပွဲကစားခွင့် မရနိုင်သလို၊ ပွဲကစားခွင့်ကနေ ရလာမယ့် ယုံကြည်မှုတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးက သူ့ကိုခေါ်ရင်တောင်မှ အသင်းမှာ ပွဲမကစားရဘဲ ထိုင်ခိုင်းထားတာထက် အခြားအသင်းကို အငှားချထားတာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ကရူးပီကတော့ ပြီးခဲ့တဲ့ မတ်လတုန်းက အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို အခုလို ပြောခဲ့ဖူးပါတယ်။ "ကျွန်တော့်မှာ ဘလွန်းဒီအောဆု ရယူချင်တာ၊ ကမ္ဘာ့အကြီးဆုံး ကလပ်တွေမှာ ကစားချင်တာ စတဲ့ အိပ်မက်တွေ ရှိခဲ့ပါတယ်။ အခုတော့ ဒါတွေက အိပ်မက်တင် မဟုတ်တော့ဘဲ လက်တွေ့ဖြစ်လာအောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ရည်မှန်းချက်တွေ ဖြစ်လာပါပြီ။ ကျွန်တော် သွားချင်တဲ့နေရာ ရောက်အောင် အခု ကြိုးစားနေပါတယ်"

အခုရာသီမှာ ကရူးပီဟာ ၁၉၉၉-၂၀၀၀ ရာသီနောက်ပိုင်း ပရီမီယာလိဂ်မှာ ဂိုးဆယ်ဂဏန်းပြည့်အောင် သွင်းယူနိုင်တဲ့ ပထမဆုံး လူငယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေ များပြားလာတာကြောင့် ချဲလ်ဆီးအနေနဲ့ ခေါ်ယူချင်တယ်ဆိုရင်တော့ အပြင်းအထန် ကြိုးစားရမှာ သေချာပါတယ်။