ရိန်းဂျားအသင်းဆီ ပြန်လာဖို့ လမ်းဖွင့်လိုက်တဲ့ စပါးလူငယ်ကြယ်ပွင့် မိုင်ကီမိုး
တော့တင်ဟမ်တောင်ပံကစားသမား မိုင်ကီမိုးက နောက်ရာသီမှာ ရိန်းဂျားအသင်းဆီ ပြန်လာဖို့ ဖြစ်နိုင်ခြေရှိတာကို မငြင်းပယ်ခဲ့ပါဘူး။
မိုးဟာ ဒီရာသီမှာ အိုက်ဘရော့ကွင်းဆီ အငှားနဲ့ လာရောက်ကစားနေပြီး အလွန်ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနေသူ ဖြစ်ပါတယ်။
စကော့တလန် ပရီမီယာရှစ်ဖလားကို ဆွတ်ခူးနိုင်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတာတွေဟာ သူ့ကို နောက်ထပ်တစ်နှစ် အငှားသက်တမ်းတိုးဖို့ ဆွဲဆောင်နိုင်တဲ့ အချက်တွေဖြစ်တယ်လို့လည်း သူက ဝန်ခံခဲ့ပါတယ်။
မိုင်ကီမိုးက "ဟုတ်ပါတယ်၊ ချန်ပီယံလိဂ်ဆိုတာ ကျွန်တော် ငယ်ငယ်လေးကတည်းက တီဗီမှာကြည့်ပြီး ကစားချင်ခဲ့တဲ့ ပြိုင်ပွဲမျိုးပါ။ ဒါကြောင့် ဥရောပပြိုင်ပွဲတွေမှာ ကစားရမှာက တကယ်ကို အရေးကြီးတဲ့ အချက်တစ်ခုဖြစ်သလို ပွဲကြီးပွဲကောင်းတွေမှာလည်း ကစားချင်ပါတယ်။ အသင်းက အဲ့ဒီလို အဆင့်အတန်းမျိုးမှာ ယှဉ်ပြိုင်ရမယ်ဆိုရင် ကျွန်တော်တို့လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ အဲ့ဒီကိုရောက်ဖို့ အရင်ဆုံး ကြိုးစားရမှာ ဖြစ်ပေမဲ့ ရောက်သွားပြီဆိုရင်တော့ အစွမ်းကုန် ပေးဆပ်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
သူက ဆက်လက်ပြီး "ဒါဟာ အဆုံးအဖြတ်ပေးမယ့် အချက်တစ်ခု ဖြစ်လာနိုင်ပေမဲ့ အရာအားလုံးက ကျွန်တော့်လက်ထဲမှာပဲ ရှိတာတော့ မဟုတ်ပါဘူး။ အိမ် (မိခင်ကလပ် စပါး) က လူတွေနဲ့လည်း စကားပြောရပါဦးမယ်။ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လူတိုင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ ဒီမှာ ကုန်ဆုံးခဲ့တဲ့ အချိန်တိုင်းကို သဘောကျပါတယ်၊ ဒါပေမဲ့ ဘာမှတော့ အတည်မဖြစ်သေးပါဘူး။ တကယ်တော့ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့တင် မရပါဘူး။ နွေရာသီမှာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာပါ။ အခုထိတော့ ကျွန်တော့်ကို သူတို့ဘာသာ လွတ်လွတ်လပ်လပ် ထားပေးထားပေမဲ့ နွေရာသီကျရင်တော့ ဆွေးနွေးဖြစ်ပါလိမ့်မယ်" လို့ ဆိုခဲ့ပါတယ်။