ရာသီကုန်အထိ ချဲလ်ဆီးအတွက် ရည်မှန်းချက်တွေ အများကြီး ရှိနေသေးတယ်လို့ဆိုလာတဲ့ ချာလိုဘတ်
ချဲလ်ဆီးနောက်ခံလူ ထရီဗို ချာလိုဘက်က အခုရာသီရဲ့ နောက်ဆုံးအပတ်တွေမှာ သူတို့အသင်းအနေနဲ့ အစွမ်းကုန် ကြိုးစားအားထုတ်ရမယ့် အရာတွေ အများကြီး ရှိနေသေးတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ယာယီနည်းပြ ကယ်လမ် မက်ဖာလန်းရဲ့ လက်အောက်မှာ ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်သလို အဆင့် ၄ အတွင်းဝင်ဖို့အတွက်လည်း ဆက်လက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။
ချာလိုဘက်က "ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ် ဗိုလ်လုပွဲ တစ်ပွဲပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့ ဗိုလ်လုပွဲတွေ (ကွန်ဖရင့်လိဂ်နဲ့ ကမ္ဘာ့ကလပ်များဖလား) ကစားခဲ့ရသလို၊ အဲဒီမတိုင်ခင် နှစ်ကလည်း (ကာရာဘောင်းဖလား) ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ဗိုလ်လုပွဲ ကစားရမယ့် စိတ်ဓာတ်မျိုး ရှိနေပြီး အဲဒါကို ပြသနိုင်ခဲ့တာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင်ရရမယ်ဆိုတဲ့ ပန်းတိုင်ကို ကျွန်တော်တို့အားလုံး သိထားကြပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့အတွက်ကတော့ လက်ရှိ ရှိနေတာတွေကိုပဲ အာရုံစိုက်သွားဖို့ပါ။ ရှေ့မှာ ဗိုလ်လုပွဲပေါင်း ၅ ပွဲ ကျန်ပါသေးတယ်၊ အဲဒါတွေကတော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲနဲ့ အခု (ဝမ်ဘလေမှာ ကစားမယ့်) အက်ဖ်အေဖလား ဗိုလ်လုပွဲတို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြသနိုင်တဲ့ အရည်အချင်းတွေ၊ အနိုင်ရလိုစိတ် ပြင်းပြမှုတွေနဲ့အတူ အဲဒီပွဲစဉ်တွေကို ရင်ဆိုင်သွားရမှာပါ"
"ပွဲတွေ မနိုင်တဲ့အခါ စိတ်ပိုင်းဖြတ်မှုကို ပြန်လည်ရရှိဖို့ ခက်ခဲတတ်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ အရာအားလုံးကို ပြန်လည်ပြင်ဆင်ပြီး ကျွန်တော်တို့ရဲ့ အဆင့်အတန်းတစ်ခုကို ပြန်ရအောင် လုပ်ဖို့ပါပဲ။ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ ခြေစွမ်းတွေ အရမ်းကောင်းနေခဲ့တဲ့ ရာသီအစတုန်းက ကစားသမားတွေဟာ အခုရှိနေတဲ့ ကစားသမားတွေပါပဲ" လို့ ချာလိုဘက်က သုံးသပ်ပြပါတယ်။
"ကျွန်တော်တို့ရဲ့ အရည်အချင်းတွေက တစ်ညတည်းနဲ့ ပျောက်ကွယ်သွားတာမျိုး မဟုတ်ပါဘူး။ အခုကတော့ အရာအားလုံးကို ပြန်လည်စုစည်းပြီး အနိုင်ရလိုစိတ်နဲ့ အနိုင်ရတဲ့ ခံစားချက်ကို ပြန်ရအောင် လုပ်နေတာပါ။ ကျွန်တော်တို့အနေနဲ့ အပြင်က ဝေဖန်သံတွေကို လျစ်လျူရှုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်၊ အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ပြီး ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်ဖို့ လိုပါတယ်"
"ဒါဟာ ရာသီမကုန်မချင်း ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အရာပါပဲ။ ကျွန်တော် ပြောသလိုပေါ့၊ ခင်ဗျားတို့ ခြေစွမ်းညံ့သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဝေဖန်ပြောဆိုမယ့်သူတွေကတော့ အမြဲတမ်း ရှိနေမှာပါ။ အခု ကျွန်တော်တို့ ရှေ့မှာ ရှိနေတဲ့ အရာတွေကိုပဲ အာရုံစိုက်ဖို့က အရေးကြီးဆုံးပါပဲ" လို့ ၎င်းက ဆိုပါတယ်။