The network connection is lost.

Banner Image

အက်ဖ်အေဖလား သမိုင်းသစ်ရေးထိုးပြီးနောက် မန်စီးတီးကစားသမားတွေကို ဂွါဒီယိုလာ ချီးကျူး

မန်စီးတီးအသင်း FA ဖလားသမိုင်းသစ် ရေးထိုးနိုင်ခဲ့တာဟာ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဂွာဒီယိုလာက ချီးကျူးလိုက်ပါတယ်။

 ဝမ်ဘလေကွင်းမှာ ဆောက်သမ်တန်အသင်းကို နောက်မှလိုက်ကစားပြီး အနိုင်ယူခဲ့တာကြောင့် မန်စီးတီးဟာ FA ဖလားဗိုလ်လုပွဲကို လေးကြိမ်ဆက်တိုက် တက်ရောက်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး ဒီစွမ်းဆောင်ရည်အပေါ် နည်းပြဂွာဒီယိုလာက အသိအမှတ်ပြု ပြောကြားခဲ့တာပါ။

ပွဲပြီးဖို့ ၁၁ မိနစ်အလိုမှာ ဖင်းန်အာဇတ်ဇ်က ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အတွက် အကောင်းဆုံးအဆုံးသတ်မှုနဲ့ ဦးဆောင်ဂိုး သွင်းပေးခဲ့လို့ သူတို့တွေဟာ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ဖို့ နီးစပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ မန်စီးတီးက ဂျရမီဒိုကူကနေတစ်ဆင့် ချက်ချင်းချေပဂိုး ပြန်သွင်းခဲ့သလို နီကိုဂွန်ဇာလက်ဇ်ရဲ့ အံ့အားသင့်စရာ ကန်ချက်ကြောင့် ဆီမီးဖိုင်နယ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ FA ဖလားဗိုလ်လုပွဲ နှစ်ကြိမ်စလုံးမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ မန်ယူအသင်းတို့ကို ရှုံးနိမ့်ခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်တုန်းကတော့ မန်ယူကို အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ ချယ်လ်ဆီး ဒါမှမဟုတ် လိဒ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် မန်စီးတီးဟာ အခုဆိုရင် ပြည်တွင်းဖလားသုံးလုံး (Treble) ရယူနိုင်ဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့လကပဲ လိဂ်ဖလားကို ရရှိထားသလို ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်နဲ့ အမှတ်တူလုပြီး ချန်ပီယံဖြစ်ဖို့ အပြိုင်အဆိုင် ကြိုးစားနေတာပါ။ ဂွာဒီယိုလာက "ဘယ်အသင်းမှ ဗိုလ်လုပွဲကို လေးကြိမ်ဆက် မတက်ဖူးသေးပါဘူး၊ ဒါဟာ တကယ့်ကို ထူးခြားတဲ့ အောင်မြင်မှုဖြစ်ပြီး ဗိုလ်လုပွဲကိုလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ တက်လှမ်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ဘန်လေကို အနိုင်ရခဲ့တဲ့အသင်းလူစာရင်းကနေ ၈ ယောက်အထိ ပြောင်းလဲခဲ့တဲ့ ဂွာဒီယိုလာရဲ့ ဆုံးဖြတ်ချက်ဟာ ပထမပိုင်းမှာ ဆောက်သမ်တန်က ပိုကောင်းအောင် ကစားနိုင်ခဲ့လို့ အမှားအယွင်းတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ လူစားဝင်လာတဲ့ ဒိုကူ၊ ဟာလန်းနဲ့ ဘာနာဒိုဆေးလ်ဗားတို့ကြောင့် မန်စီးတီးရဲ့ ကစားဟန်က သိသိသာသာ ကောင်းမွန်လာခဲ့တာပါ။

ဂွာဒီယိုလာကပဲ "ပွဲက ခက်ခဲခဲ့ပေမဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဒိုကူနဲ့ ဆာဗင်ညိုတို့ ဝင်လာတဲ့အချိန်မှာတော့ ပွဲရဲ့အရှိန်က ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့တွေ ကွင်းလယ်မျဉ်းကို ပထမဆုံးအကြိမ် ကျော်ဖြတ်လာတဲ့အချိန်မှာတင် တကယ့်ကို ကောင်းမွန်တဲ့ ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့တာပါ။ ဘောလုံးဆိုတာ အမြဲတမ်း ခန့်မှန်းရခက်ပေမဲ့ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံကတော့ တကယ်ကို အံ့ဩစရာ ကောင်းခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။