ဒိုကူဟာ နာနီနဲ့ ဆင်တူတယ်လို့ ရွန်းနီ မှတ်ချက်ပေး
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီကတော့ ဂျရမီဒိုကူဟာ မန်စီးတီးအသင်းအတွက် တခြားကစားသမားတွေနဲ့မတူတဲ့ ထူးခြားတဲ့ကစားဟန်မျိုးကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်နေပါတယ်။
ဒိုကူဟာ ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒီဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားနဲ့ ပတ်သက်ပြီး ရွန်းနီက "ဂျရမီဒိုကူက နည်းပြ ဂွါဒီယိုလာရဲ့အသင်းမှာ ကျွန်တော်တို့ ပုံမှန်မြင်တွေ့နေကျ မဟုတ်တဲ့ ကစားသမားအမျိုးအစားမျိုးပါ။ ဘောလုံးက သူ့ခြေထောက်ထဲ ရောက်သွားပြီဆိုရင် သူက နောက်ခံလူကို တိုက်ရိုက်ရင်ဆိုင်ပြီး ကျော်ဖြတ်ဖို့ပဲ ကြိုးစားတာပါ။ သူက ပြိုင်ဘက်ကစားသမားတွေကို တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်သူမျိုးပါ" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ရွန်းနီက "ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်မှာတုန်းကလည်း နာနီက အဲဒီလိုမျိုးပါပဲ။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့တွေ ဘာဆက်လုပ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းရတာ တကယ်ကို ခက်ခဲပါတယ်" လို့ ပြောကြားခဲ့ပါတယ်။