ဟာဗက်ဇ်ရဲ့ ဒဏ်ရာအခြေအနေ ပြန်လည်ကောင်းမွန်လာမယ်လို့ အာဆင်နယ် ယုံကြည်နေ
ကိုင်ဟာဗက်ဇ်ရဲ့ နောက်ဆုံးရရှိခဲ့တဲ့ ဒဏ်ရာအခြေအနေကနေ ပြန်လည်သက်သာလာလိမ့်မယ်လို့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။
ဂျာမနီတိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့စနေနေ့က နယူးကာဆယ်နဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အဲဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရတာပါ။
BBC Sport ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဟာဗက်ဇ်ရဲ့ ဒဏ်ရာသက်သာလာမယ့် အချိန်ကာလကို အတိအကျ မသတ်မှတ်ထားသေးပေမဲ့ ရာသီပိတ် နောက်ဆုံး ၄ ပွဲမှာတော့ သူ ပြန်ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒါပေမဲ့ ဒီအပတ်ထဲမှာ ကစားမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ သူ ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ဟာဗက်ဇ်ဟာ အသင်းအတွက် ၁၉ ပွဲ ကစားပေးထားရာမှာ ၅ ဂိုးအထိ သွင်းယူပေးထားတာလည်း ဖြစ်ပါတယ်။