ပွဲအစမှာ အာရုံစိုက်မှု အားနည်းခဲ့လို့ ယူနိုက်တက်ကိုအရေးနိမ့်ခဲ့တာဖြစ်တယ်လို့ ကောလင်းစ် ဝန်ခံ
တနင်္လာနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပွဲအစပိုင်း ကစားပုံနှေးကွေးခဲ့ခြင်းကြောင့် အခုလို ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ဟု ဘရန်ဖို့ဒ်အသင်းခေါင်းဆောင် နသန်ကော်လင်းက ဝန်ခံပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်တွင် ယူနိုက်တက်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲပြီးခါနီးမှ သွင်းယူခဲ့သည့် မားသီးယပ်စ်ဂျန်ဆန်၏ ချေပဂိုးမှာ ဘရန်ဖို့ဒ်အတွက် လုံလောက်မှု မရှိခဲ့ပေ။
ပွဲအပြီးတွင် ကော်လင်းက "ကျွန်တော်တို့ ပွဲစမှာ နည်းနည်းလေး တုံ့ဆိုင်းနေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့က အရှိန်ရသွားပြီး ပထမဂိုးကို အရင်သွင်းသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းလာခဲ့သလို ဘောလုံးပိုင်ဆိုင်မှုမှာလည်း အသာစီးရခဲ့တယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ပထမပိုင်းအပြီးမှာ ကောင်းကွက်တွေအများကြီးရှိတယ်လို့ ခံစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့အတွက် ဆုံးရှုံးစရာ ဘာမှမရှိတော့ပါဘူး။ ၂-၀ နဲ့ ရှုံးနေတာဆိုတော့ အစွမ်းကုန် တိုက်စစ်ဆင်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြတာပါ။ တစ်ပွဲလုံးမှာ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီး အသာစီးကစားနိုင်ခဲ့ပေမဲ့ ရလဒ်ကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲ" ဟု ဆိုသည်။
"ပွဲပြီးတဲ့အထိ ဂိုးပြန်ရမယ်ဆိုတဲ့ ယုံကြည်ချက်က ကစားသမားတိုင်းမှာ ရှိနေခဲ့ပါတယ်။ အဆုံးထိ တိုက်ပွဲဝင်ချင်တဲ့ အသင်းတစ်သင်းအနေနဲ့ ပွဲပြီးခါနီးမှာ ချေပဂိုးရဖို့ ဒါမှမဟုတ် ရလဒ်ကောင်းတစ်ခုခုရဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ"
"ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တာကြောင့် အခုလို ရှုံးနိမ့်မှုကို လက်ခံဖို့ တကယ်ကို ခက်ခဲပါတယ်" ဟု ကော်လင်းက ပြောကြားသွားခဲ့သည်။