The network connection is lost.

Banner Image

ကစားသမားတွေကို အနားပေးဖို့က အလွန်အရေးကြီးကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရခဲ့တာဟာ ကစားသမားတွေကို အနားပေးခဲ့တာကြောင့် ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက ဝန်ခံပြောကြားလိုက်ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက ဦးဆောင်ဂိုး အရင်သွင်းခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ မန်စီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲအပြီးမှာ ဂွာဒီယိုလာက "ဒီနိုင်ငံမှာ ကျွန်တော် တစ်ခုသင်ယူခဲ့ရတာကတော့ အနားရက်တစ်ရက် ပေးပြီးရင် အသင်းက ပိုပြီးကောင်းကောင်း ကစားနိုင်တယ်ဆိုတာပါပဲ။ သူတို့ လေ့ကျင့်ခန်းဆင်းဖို့ လိုတာပေါ့၊ ဒါပေမဲ့ ကွင်းထဲကို လန်းလန်းဆန်းဆန်းနဲ့ ရောက်လာဖို့ကလည်း အရေးကြီးတယ်ဆိုတာ ကျွန်တော် သိလာခဲ့ရတယ်။ အင်္ဂလန်ကို ကျွန်တော် စရောက်တုန်းက လေ့ကျင့်ခန်းတွေ အများကြီး ဆင်းခိုင်းခဲ့ပေမဲ့ အခုတော့ အိမ်မှာ အနားယူဖို့နဲ့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့ကိုပဲ ပိုဦးစားပေးဖြစ်ပါတယ်။ အဲဒီလို အနားယူချိန် ကောင်းကောင်းရသွားပြီဆိုရင် သူတို့တွေဟာ ပွဲကစားဖို့ အဆင်သင့် ဖြစ်သွားကြပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက "အဲဗာတန်နဲ့ ကစားဖို့ လစ်ဗာပူးကို မသွားခင်အထိ ၈ ရက်လောက် အချိန်ရပါသေးတယ်၊ ဒါကြောင့် အချိန်အလုံအလောက် ရှိပါတယ်။ အနားရက်တွေမှာ ကစားသမားတွေ သူတို့လုပ်ချင်တာကို လုပ်ခွင့်ရှိသလို ဘယ်နေရာကိုပဲ ခရီးသွားသွား သူတို့အတွက် လုံးဝ လွတ်လပ်ခွင့် ပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှာ လေ့ကျင့်ခန်းဆင်းဖို့ ပြန်ရောက်လာရင်ပဲ ရပါပြီ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။