ယူနိုက်တက်နဲ့နဲ့ချုပ်ဆိုထားတဲ့ ဖာနန်ဒက်စ်ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်နေဆဲဖြစ်
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ လက်ရှိစာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေတာက အခုထိ အတည်ဖြစ်နေဆဲပါ။
ဖာနန်ဒက်စ်ရဲ့ စာချုပ်ထဲမှာ ယူရို သန်း ၆၀ နဲ့ စာချုပ်ဖျက်သိမ်းနိုင်တဲ့ အချက် (escape clause) ပါဝင်နေတာကြောင့် သူဟာ အသာစီးကနေ ဆွေးနွေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ ပြည်ပကလပ်အသင်းတွေအတွက်ပဲ အကျုံးဝင်တာဖြစ်တယ်လို့ Daily Express သတင်းက ဆိုပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် ဒီလိုဈေးနှုန်းမျိုးဟာ ထိပ်တန်းကလပ်အသင်းကြီးအများစုအတွက် သင့်တင့်တဲ့ပမာဏလို့ ယူဆနိုင်သလို၊ ဆော်ဒီပရိုလိဂ်အသင်းတွေအတွက်လည်း သေချာပေါက် ပေးချေနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေပါတယ်။
ဖာနန်ဒက်စ်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ ရှိနေတာဖြစ်ပေမဲ့ အိုးထရက်ဖို့ဒ် တာဝန်ရှိသူတွေအနေနဲ့ စာချုပ်သက်တမ်းကို နောက်ထပ် ၁၂ လအထိ တိုးမြှင့်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါသေးတယ်။
တကယ်လို့ ဖာနန်ဒက်စ်က နောက်ရာသီမှာ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ရဲ့လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့အထိ စောင့်ဆိုင်းနေမှာမျိုးမဟုတ်ဘဲ ယူနိုက်တက်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးဖို့ အသင့်ရှိနေလိမ့်မယ်လို့လည်း ယုံကြည်ရပါတယ်။