မန်စီးတီးမှာသာ ကစားခဲ့ရင် ဘရူနိုဖာနန်ဒက်စ်ဟာ Ballon d’Or ဆု ရနိုင်တယ်လို့ ပေါ့ဂ်ဘာ ဆို
ပေါ့ဂ်ဘာက ဘရူနိုဖာနန်ဒက်စ်အနေနဲ့ မန်ချက်စတာယူနိုက်တက်မှာသာ မဟုတ်ဘဲ တခြားအသင်းမှာ ကစားခဲ့မယ်ဆိုရင် Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခြေရှိတယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
ဘရူနိုဟာ ဒီရာသီမှာတင် ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီး ဖာဘရီဂတ်စ် (၂၀၁၄-၁၅)၊ ဒီဘရိုင်း (၂၀၁၆-၁၇)၊ ဖရန့်လမ်းပတ် (၂၀၀၄-၀၅) နဲ့ မိုဟာမက်ဆာလာ (၂၀၂၄-၂၅) တို့လို ပရီမီယံလိဂ် ဂန္ထဝင်ကစားသမားတွေရဲ့ စံချိန်ကို လိုက်မှီခဲ့တာပါ။ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘရူနိုဟာ ၂၀၂၁ ခုနှစ်မှာ Ballon d’Or ဆုအတွက် နောက်ဆုံးအကြိမ် အမည်စာရင်း တင်သွင်းခံခဲ့ရပြီး အင်တာမီလန်တိုက်စစ်မှူး လာူတာရိုမာတီးနက်ဇ်နဲ့အတူ အဆင့် ၂၁ နေရာမှာ ပူးတွဲရပ်တည်ခဲ့ဖူးပါတယ်။
တကယ်ပဲ ဘရူနိုက Ballon d'Or ဆုကို ရနိုင်ပါသလား။ သူဟာ ယူနိုက်တက်အသင်းကို အသင်းခေါင်းဆောင်အဖြစ် နှစ်အတော်ကြာ ဦးဆောင်နေခဲ့ပေမဲ့ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ မရရှိခဲ့တာကြောင့် ဒီဆုနဲ့ အလှမ်းဝေးနေခဲ့ရတာပါ။ Rio Ferdinand Presents ဆိုတဲ့ podcast အစီအစဉ်မှာ ပေါ့ဂ်ဘာက ပေါ်တူဂီလက်ရွေးစင် ဘရူနိုအနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်လို့ အခုလို ပြောခဲ့ပါတယ်။
"ဘရူနိုက မန်ယူမှာ အခုထက် ပိုလုပ်ပြနိုင်ဦးမလား။ တခြားအသင်းမှာဆိုရင် သူဟာ Ballon d’Or ဆုအတွက် ထိပ်တန်း ကစားသမား သုံးယောက်စာရင်းမှာ မပါဝင်နိုင်ဘူးလို့ ခင်ဗျားတို့ ထင်နေတာလား။ ကျွန်တော့်အမြင်မှာတော့ သူ့ကို မန်စီးတီးမှာသာ ထည့်ထားလိုက်မယ်ဆိုရင် သူဟာ Ballon d’Or ဆုအတွက် နောက်ဆုံး ဆန်ခါတင် သုံးယောက်စာရင်းထဲမှာ သေချာပေါက် ပါဝင်မှာပါ။ ဘရူနိုရဲ့ စာရင်းဇယားတွေ၊ ခြေစွမ်းတွေနဲ့ ကစားပုံတွေကို ကြည့်ရင် အားလုံး သိနိုင်ပါတယ်။ ဒါပေမဲ့ အသင်းက ဖလားမရတဲ့အခါ လူတွေက ဒီအချက်ကို ထည့်တောင် မစဉ်းစားတော့ပါဘူး။ ဒါဟာ ဘောလုံးလောကရဲ့ သဘာဝဖြစ်သလို ဘဝရဲ့ အမှန်တရားပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ပေါ့ဂ်ဘာနဲ့ ဘရူနိုဟာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ ပေါ့ဂ်ဘာ ဂျူဗင်တပ်စ်ကို မပြောင်းခင်အထိ မန်ယူမှာ အတူတူ ကစားခဲ့ကြတာပါ။ ပေါ့ဂ်ဘာက သူ တကယ် လေးစားရတဲ့ အသင်းဖော်ဟောင်း ဘရူနိုကို ဆုဖလား မရရှိသေးတဲ့ ကစားသမားတွေကို လျစ်လျူရှုလေ့ရှိတဲ့ Ballon d’Or လို ဆုပေးပွဲမျိုးမှာ ပိုပြီး အသိအမှတ်ပြု တန်ဖိုးထားခံစေချင်နေတာပါ။
"ကျွန်တော်တို့ ဒီဘရိုင်းအကြောင်း ပြောကြတယ်၊ မိုဒရစ်နဲ့ အိုဇေးလ်တို့အကြောင်း ပြောကြတယ်။ သူတို့ရဲ့ စာရင်းဇယားတွေကိုပဲ ကြည့်ပြောနေကြတာပါ။ ဘရူနိုဟာ လမ်းပတ်လို ကွင်းလယ်လူမျိုးနဲ့ တူညီတဲ့ နေရာကနေ ကစားပြီး တစ်ရာသီအတွင်း လမ်းပတ်ထက် ပိုပြီး ဂိုးသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေလည်း ပိုလုပ်နိုင်ပါတယ်။ သူဟာ ကွင်းထဲမှာ နေရာအနှံ့ရှိနေပြီး အမြဲတမ်း တက်ကြွစွာ ပြေးလွှားနေတတ်တဲ့သူပါ။ သူဟာ အရမ်းလည်း ထက်မြက်သလို ဘောလုံးကို တစ်ချက်ထိ၊ နှစ်ချက်ထိနဲ့တင် ကောင်းကောင်း ကစားနိုင်ပြီး ဂိုးလည်း အမြဲသွင်းနိုင်စွမ်းရှိပါတယ်" လို့ ပေါ့ဂ်ဘာက ဆက်လက် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။