The network connection is lost.

Banner Image

မက်ဖာလိန်းကိုထောက်ခံသွားမယ်လို့ပြောကြားလိုက်တဲ့ ဂျွန်တယ်ရီ

ချဲလ်ဆီးဂန္ထဝင် ဂျွန်တယ်ရီက လီယမ်ရိုဆင်နီယာရဲ့နေရာမှာ ယာယီနည်းပြအဖြစ် တာဝန်ယူမယ့် ကော်လံမက်ဖာလိန်းကို အပြည့်အဝထောက်ခံအားပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရိုဆင်နီယာဟာ ပရီးမီးယားလိဂ်မှာ ဂိုးတစ်ဂိုးမှမသွင်းနိုင်ဘဲ ၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်စရာရလဒ်တွေကြောင့် အခုလို လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ အသင်းရဲ့ ဆိုးရွားတဲ့ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၈) အထိ ကျဆင်းသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့် (၅) နေရာက လီဗာပူးအသင်းနဲ့ ၇ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ရိုဆင်နီယာ ရာထူးကနေ နုတ်ထွက်သွားပြီးနောက် အသက် ၂၁ နှစ်အောက်အသင်း နည်းပြဖြစ်သူ မက်ဖာလိန်းက ဥရောပဝင်ခွင့်အတွက် ကျန်ရှိနေတဲ့ နောက်ဆုံး ၅ ပွဲကို ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ မက်ဖာလိန်းဟာ ဇန်နဝါရီလတုန်းက အန်ဇိုမာရက်စကာ ထွက်ခွာသွားပြီးချိန်မှာလည်း အသင်းကို ယာယီကိုင်တွယ်ခဲ့ဖူးပြီး မန်စီးတီးနဲ့ပွဲမှာ ၁-၁ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့သလို ဖူလ်ဟမ်ကိုတော့ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

အသင်းရဲ့ အကယ်ဒမီမှာ အလုပ်လုပ်နေတဲ့ တယ်ရီကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ဆက်လက်ရရှိနေတဲ့ အသက် ၄၀ အရွယ် နည်းပြကို ထောက်ခံအားပေးရင်း ပထမအသင်းဆီ ပြန်လည်ရောက်ရှိလာမှုအပေါ် အခုလို ပြောကြားခဲ့ပါတယ်။

"ကော်လံရဲ့ လက်ထောက်အဖွဲ့ဝင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ကျွန်တော် သေချာမသိသေးပါဘူး၊ ကျွန်တော့်ဆီကို ဖုန်းခေါ်တာဖြစ်ဖြစ်၊ စာပို့တာဖြစ်ဖြစ် ဘာမှမရှိသေးပါဘူး။ ကျွန်တော်ကတော့ အကယ်ဒမီမှာပဲ ကျွန်တော့်တာဝန်ကို ဆက်လုပ်သွားမှာပါ၊ မနက်ဖြန်လည်း အကယ်ဒမီမှာပဲ ရှိနေမှာဖြစ်သလို အရေးကြီးတဲ့ ပွဲစဉ်အချို့လည်း ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး ကော်လံကို ဝိုင်းဝန်းကူညီပေးကြမှာပါ၊ သူက အရင်တုန်းက မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့အမြဲလုပ်နေကျအတိုင်း အသင်းက ကစားသမားတွေကို ဝိုင်းပြီး အားပေးကြမှာပါ" လို့ တယ်ရီက ဗုဒ္ဓဟူးနေ့ညမှာ ပြောကြားခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲကနေ စတင်ပြီး မက်ဖာလိန်းရဲ့ ချယ်လ်ဆီးခရီးစဉ်က မလွယ်ကူနိုင်ပါဘူး။ သူဟာ ရိုဆင်နီယာအတွက် မဖြစ်နိုင်သလောက် ခက်ခဲခဲ့တဲ့ အနိုင်ရလဒ်ကို ဒီတစ်ပတ်ပိတ်ရက်မှာ ရရှိအောင် အစွမ်းကုန် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။