ဘရိုက်တန်အတွက် ထိုက်တန်တဲ့နိုင်ပွဲဖြစ်တယ်လို့ အန်းစလော့ ဝန်ခံ
စနေနေ့၊အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်က အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ လီဗာပူးနည်းပြအန်းစလော့က ဝန်ခံပြောကြားလိုက်ပါတယ်။
ဖယ်လ်မာကွင်းပွဲစဉ်မှာ ဝဲလ်ဘတ်ရဲ့ဦးဆောင်ဂိုးကို ကာကက်ဇ်က ချေပပြီးနောက် ဒန်နီဝဲလ်ဘက်ခ်ကပဲ နောက်ထပ်တစ်ဂိုးသွင်းယူသွားလို့ ဘရိုက်တန်တို့ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး အန်းစလော့က "ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ခြေရည်တူပါပဲ။ ကျွန်တော်တို့မှာရှိတဲ့ တိုက်စစ်မှူးနှစ်ဦးအနက် အီဆက်ခ်က ဒီနေ့ပွဲကို မကစားနိုင်သလို အီကီတီကီလည်း ပွဲစပြီး တစ်မိနစ်၊ နှစ်မိနစ်လောက်မှာတင် ဒဏ်ရာကြောင့် လူစားလဲလိုက်ရလို့ ကျွန်တော်တို့အတွက် အထိနာစေခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အီကီတီကီ ဘယ်လောက်တောင် ကောင်းကောင်းကစားခဲ့သလဲဆိုတာ ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ပထမပိုင်းမှာ ခြေရည်တူခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဘရိုက်တန်က ကွင်းထဲမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်" လို့ ပြောပါတယ်။
အီကီတီကေးရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အန်းစလော့က"ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရှစ်ပွဲပဲ ကျန်တော့တယ်ဆိုတာ ကစားသမားတွေရော ပရိသတ်တွေပါ သိကြပါတယ်။ အဲဒီလိုအချိန်မှာ ပွဲစဉ်တွေကို လွဲချော်ရတာဟာ တကယ်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ သူ ကွင်းထဲမှ ထွက်သွားရပြီး အသင်းကို မကူညီနိုင်တာဟာ ကံဆိုးတာပဲလို့ ပြောရမှာပါ။ သုံးလလောက် နားရမယ့် ဒဏ်ရာမျိုး မဟုတ်ပေမဲ့ ပွဲကို ဆက်မကစားနိုင်တာကတော့ အတော်လေးကို ဆိုးရွားပါတယ်။ ဒါက သူ့အတွက်ရော အသင်းအတွက်ပါ အထိနာပါတယ်" လို့ ဆိုပါတယ်။
အခုရာသီ၊ လီဗာပူးရဲ့ ၁၀ ကြိမ်မြောက်လိဂ်ရှုံးပွဲအတွက် အန်းစလော့က "ဥရောပပွဲစဉ်တွေ ကစားပြီးတိုင်း ကျွန်တော်တို့ အမှတ်တွေ အများကြီး လျော့နေတယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်ဆိုတာကိုလည်း ကျွန်တော် အကြိမ်ကြိမ် ရှင်းပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဘရိုက်တန်ကို ချီးကျူးရပါမယ်။ ဒုတိယပိုင်းမှာ သူတို့က ကွင်းထဲမှာ ပိုကောင်းတဲ့အသင်း ဖြစ်နေလို့ပါ" လို့ မှတ်ချက်ပေးပါတယ်။
"ဒါက ပွဲမတိုင်ခင် ကျွန်တော် ပြောခဲ့တဲ့အတိုင်းပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၂၄ မှတ် အထိ မလိုလောက်ဘူးလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ကျွန်တော် ထင်တဲ့အတိုင်း ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် ကျွန်တော်တို့က ၂၄ မှတ် အပြည့်မရနိုင်တော့လို့ပါ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမဲ့ သူတို့ကပဲ တတိယဂိုး သွင်းနိုင်ဖို့ ပိုနီးစပ်ခဲ့ပါတယ်။ ပွဲကျပ်ကာလအပြီး အခုပွဲစဉ်ရလဒ်ပိုင်းအတွက် အခုရလဒ်ပိုင်းအတွက် စိတ်မကောင်းစရာပါပဲ" လို့ ၎င်းက ဆိုပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ဖိအားတွေနဲ့ပတ်သက်ပြီး အန်းစလော့က "လီဗာပူးလို အသင်းမှာတော့ ကျွန်တော့်အပေါ်ရော၊ ကစားသမားတွေအပေါ်မှာပါ အမြဲတမ်းဖိအားရှိပါတယ်။ ဒါ လုံးဝပုံမှန်ပါပဲ။
ကျွန်တော်တို့က FA ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် သေချာပေါက်ကြိုးစားရပါမယ်။ ဒီနေ့ရှုံးပွဲကို မကြိုက်ပေမဲ့ ဘရိုက်တန်ရဲ့အိမ်ကွင်းဆိုတာ သူတို့ရဲ့ကစားသမားကောင်းတွေ အများကြီးရှိနေသရွေ့ အမြဲတမ်းခက်ခဲတဲ့နေရာတစ်ခု ဖြစ်နေပါဦးမယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်၊ တော့တင်ဟမ်နဲ့ပွဲစဉ်လိုမျိုးပဲ အမှတ်တွေပိုရသင့်တဲ့အခြားပွဲစဉ်တွေလည်း ရှိပါသေးတယ်။ အဲ့ဒီပွဲစဉ်မှာ အမှတ်ပြည့်မရရှိဘူးဆိုတာ ဒီနေ့ပွဲစဉ်ထက်တောင် ခံပြင်းဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဘရိုက်တန်ရဲ့အိမ်ကွင်းဆိုရင်တောင် လီဗာပူးလို အသင်းမျိုးကတော့ ရလဒ်ကောင်းတစ်ခု ရအောင်ယူနိုင်ရမယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။