စိတ်ပျက်နေတဲ့ပရိသတ်တွေရဲ့ယုံကြည်မှုကို ပြန်ရဖို့ အန်းစလော့အတွက် မလွယ်ကူတော့ဘူးလို့ ကာရေဂါယူဆနေ
ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေမှုကြောင့် လီဗာပူးနည်းပြအန်းစလော့အတွက် ပရိသတ်တွေရဲ့အားပေးထောက်ခံမှုကို ပြန်ရရှိနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ အသင်းဂန္ထဝင်ကာရေဂါ ယုံကြည်နေပါတယ်။
လီဗာပူးက ပြီးခဲ့တဲ့သီတင်းပတ်၊ ပထမအကျော့မှာ ၁-၀ ဂိုးဖြင့် အနိုင်ယူသွားတဲ့ ဂါလာတာစာရေးကို ဒီညမှာ ပြန်လက်စားချေဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ တော့တင်ဟမ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့လိဂ်ပွဲစဉ်အပြီး ပရိသတ်တွေ ပွဲမပြီးဆုံးခင် ကွင်းတွင်းမှထွက်ခွာသွားမှုနဲ့ ပွဲပြီးချိန် လှောင်ပြောင်ကန့်ကွက်မှုတွေ ရှိခဲ့လို့ လတ်တလောမှာ လီဗာပူးကစားသမားတွေရဲ့ယုံကြည်မှု ကျဆင်းနေပါတယ်။
ဂါလာတာစာရေးနဲ့ပွဲစဉ်မတိုင်ခင် ကာရေဂါက ပရိသတ်တွေရဲ့စိတ်ကျေနပ်မှုကို ပြန်ရဖို့ အန်းစလော့ အများကြီးကြိုးစားရဦးမယ်လို့ ဆိုပါတယ်။
"ဒီရာသီ လီဗာပူးရဲ့အခြေအနေက စိတ်ပူစရာပါပဲ။ ပိုပြီး စိတ်ပူဖို့ကောင်းတာက နည်းပြပါ။ အွန်လိုင်းပရိသတ်တွေရဲ့အမြင်နဲ့ ကွင်းတွင်းကိုယ်တိုင်လာကြည့်တဲ့ ပရိသတ်တွေအကြားမှာ ကွာခြားချက်တွေ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ကာရေဂါက မှတ်ချက်ပေးခဲ့ပါတယ်။
"တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်တုန်းကမှ ဖလားရအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြတစ်ယောက်ကို လီဗာပူးပရိသတ်တွေက အခုလိုမျိုးဆန့်ကျင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ပွဲမှာတော့ အသင်းနဲ့ နည်းပြအပေါ် ပရိသတ်တွေရဲ့သဘောထားက သိသိသာသာပြောင်းလဲသွားတယ်ဆိုတာကို ကျွန်တော် ခံစားမိပါတယ်"
"ပွဲစဉ်အပြီးလှောင်ပြောင်သံတွေက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပရိသတ်တွေဆီမှ ထွက်လာတဲ့ တကယ့်အစစ်အမှန်ခံစားချက်တွေ ဖြစ်ပါတယ်။ အခုအချိန်မှာ အန်းစလော့အတွက် သူတို့ကိုပြန်စည်းရုံးဖို့ တကယ်ကို ခက်ခဲသွားပါပြီ။ ပရိသတ်ရဲ့ထောက်ခံမှုကို တစ်ခါဆုံးရှုံးသွားပြီးရင် ပြန်ရဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့ အလုပ်ပါ" လို့ သူက ဆိုပါတယ်။
လီဗာပူးအသင်းက ဒီရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ ၄၆.၇ ရာခိုင်နှုန်းကိုသာ အနိုင်ရရှိထားပြီး ဗုဒ္ဓဟူးနေ့ပွဲစဉ်ကလည်း သူတို့ရဲ့ ဥရောပပြိုင်ပွဲလမ်းကြောင်းအိပ်မက်အတွက် အဆုံးအဖြတ် ဖြစ်နေပါတယ်။
အကယ်၍သာ လီဗာပူးတို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရမယ်ဆိုရင် သူတို့အတွက် ဆုဖလားမျှော်လင့်ချက်က မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားတစ်ခုတည်းသာ ကျန်ရှိပါတော့မယ်။