The network connection is lost.

Banner Image

ပရိသတ်တွေက ဆက်နေပေးဖို့ တောင်းဆိုနေကြပေမဲ့လည်း ကတ်စ်မဲရိုး အသင်းကနေ ထွက်ခွာမယ့်အရေးကို ယူနိုက်တက်က တားဆီးဖို့မရှိ

ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကတ်စ်မဲရိုးက ပြောကြားထားပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း သူ့ကို ဆက်ထိန်းထားဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်ကွင်းမှာ အက်စတွန်ဗီလာကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ပရိသတ်တွေက ကတ်စ်မဲရိုးကို "နောက်ထပ်တစ်နှစ်လောက် ထပ်နေပေးပါဦး" လို့ သီချင်းဆိုပြီး ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း ကတ်စ်မဲရိုးဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပေမဲ့လည်း လက်ရှိအချိန်အထိ နည်းပြ ကာရစ် လက်ထက်မှာ ကစားခဲ့တဲ့ ၉ ပွဲစလုံးမှာ ပါဝင်ကစားပေးထားပါတယ်။

အခုလို ပရိသတ်တွေက တောင်းဆိုနေကြပေမဲ့လည်း တစ်ပတ်ကို လုပ်ခလစာ ပေါင် ၃၇၅,၀၀၀ ဝန်းကျင် ရရှိနေတဲ့ ဘရာဇီးလ်ကြယ်ပွင့်ကို ဆက်ထိန်းထားဖို့ ယူနိုက်တက်မှာ အစီအစဉ်မရှိဘူးလို့ BBC က ဖော်ပြခဲ့ပါတယ်။ ဒီလောက်များပြားတဲ့ လုပ်ခလစာဟာ အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်အတွက် အခက်တွေ့စေတဲ့ အချက်တစ်ချက်လည်း ဖြစ်နေပါတယ်။

ပွဲအပြီးမှာတော့ အသင်းရဲ့ ဝါရင့်ကစားသမားကြီးနဲ့ ပတ်သက်ပြီး နည်းပြ ကာရစ်ကို မေးမြန်းခဲ့ရာမှာ "သူဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အများကြီးရထားပေမဲ့လည်း အသင်းသစ်တစ်ခု ရှာဖွေဖို့ အချိန်တန်ပြီဖြစ်လို့ ဒီအခြေအနေက ပြောရခက်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

"ကျွန်တော့်အမြင်အရတော့ ဒါကိုပြောဖို့ နည်းနည်းခက်ပါတယ်၊ အရာတစ်ခုကို ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ အခြေအနေတွေက ပိုပြီးရှင်းလင်းသွားသလို လူတိုင်းကလည်း ဒီအခြေအနေကို နားလည်ကြပါတယ်။"

"သူ ဒီကိုရောက်လာပြီး ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်ကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ တကယ့်ကို အံ့ဩစရာကောင်းခဲ့ပါတယ်။ အသင်းအပေါ် လွှမ်းမိုးနိုင်မှု၊ အရေးကြီးတဲ့ အချိန်တွေမှာ ဂိုးတွေသွင်းပေးနိုင်မှုတွေက ထူးခြားပါတယ်။ ပွဲအပြီးမှာ ပရိသတ်တွေနဲ့ သူတို့ကြားက နီးကပ်တဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် လေးစားမှုကို မြင်တွေ့ရတာဟာ တကယ့်ကို ကြည်နူးစရာ အခိုက်အတန့်လေးပါပဲ" လို့ ကာရစ်က ဆိုပါတယ်။

အဆိုပါပွဲစဉ်မှာ ကတ်စ်မဲရိုးက ဗီလာအသင်းကို ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့သလို မားသီးယပ်စ် ကွန်ညာနဲ့ ဘင်ဂျမင် ဆက်စကိုတို့ သွင်းယူခဲ့တဲ့ ဂိုးတွေမှာလည်း အရေးပါတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ သူ့ရဲ့ လွှမ်းမိုးနိုင်မှုဟာ အစားထိုးလို့မရနိုင်အောင် ဖြစ်နေပြီး တကယ်လို့ သူသာ ထွက်ခွာသွားမယ်ဆိုရင်တော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့အတူ တွဲဖက်ကစားမယ့် ကွင်းလယ်ခေါင်းဆောင်သစ်တစ်ဦးကို ရှာဖွေဖို့ ခက်ခဲပါလိမ့်မယ်။