The network connection is lost.

Banner Image

မက်ဂွါရီကို ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးမြှင့်စေလိုကြောင်းပြောကြားလာတဲ့ ယိုရို

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လန်နီယိုရိုက အသင်းမှာ မက်ဂွါရီရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောကြားခဲ့သလို ဟာရီမက်ဂွါရီကို စာချုပ်သက်တမ်း တိုးစေချင်တယ်လို့ မျှော်လင့်နေပါတယ်။

နည်းပြ ကာရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းကို ပရီမီယံလိဂ် ဇယားအဆင့် ၃ နေရာအထိ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့လို့ အသင်းအပေါ် အကောင်းမြင်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

ယူနိုက်တက်က ၃-၁ ဂိုးနဲ့ အရေးပါတဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဂွါရီနဲ့ လန်နီယိုရိုတို့ဟာ ၉၀ မိနစ်အပြည့် တွဲဖက်ကစားခဲ့ကြပြီး ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေး ပိုများလာခဲ့ပါတယ်။

မက်ဂွါရီဆီကနေ သင်ယူနေတဲ့ လန်နီယိုရိုက အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ကာရစ်ရဲ့ လက်အောက်မှာ တဖြည်းဖြည်း တိုးတက်လာနေတဲ့ အသင်းအတွက် အင်အားတစ်ရပ် ဖြစ်စေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"သူက ကွင်းထဲမှာ ကျွန်တော့်ကို အများကြီး စကားပြောလမ်းညွှန်ပေးတယ်၊ ဒါက ကျွန်တော့်အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ပြိုင်ဘက်တိုက်စစ်မှူးကို ဘယ်လိုထိန်းရမလဲဆိုတာမျိုးတွေ သူက အမြဲပြောပြတယ်။ တစ်ခါတလေ ပွဲမစခင် ဒါမှမဟုတ် ပွဲနားချိန်တွေမှာ နေရာယူပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလေ့ရှိတယ်၊ ဒါကြောင့် သူ့နဲ့တွဲကစားရတာ ကျွန်တော့်အတွက် တကယ်ကို ကောင်းပါတယ်။ ဟာရီ အသင်းမှာ ရှိနေတာက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ သူ နောက်ရာသီမှာ ဆက်ရှိနေနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းမှာပါ၊ ဒါကြောင့် သူ စာချုပ်သက်တမ်းတိုးပြီး ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရမှာပေါ့ဗျာ" လို့ လန်နီယိုရိုက ဆိုပါတယ်။

မက်ဂွါရီဟာ ဒီရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ နည်းပြကာရစ်ရဲ့ ရေရှည်စီမံကိန်းမှာ ပါဝင်နိုင်ဖို့အတွက် လုပ်ခလစာ ထက်ဝက်လျှော့ချပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်လို့ i Paper သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ အဲရစ်တန်ဟက်လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း မက်ဂွါရီဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိလာခဲ့သူဖြစ်ပြီး ယူနိုက်တက်အနေနဲ့လည်း အသက် ၃၃ နှစ်အရွယ် သူ့ရဲ့ အတွေ့အကြုံတွေကို ပိုမိုအသုံးချနိုင်ဖို့အတွက် စာချုပ်သစ် ချုပ်ဆိုပေးဖို့ ရှိနေပါတယ်။