ဗီလာမှာ ရော်ဂျာရဲ့ သက်ရောက်မှုက အံ့အားသင့်စရာဖြစ်နေတယ်လို့ ယူနိူက်တက်နည်းပြ ကာရစ် ဆို
မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က မော်ဂန်ရော်ဂျာဟာ အက်စတွန်ဗီလာမှာ အခုလို အောင်မြင်မှုတွေ ရရှိနေတာဟာ သူ့ကို အံ့အားသင့်စေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ရော်ဂျာကို ဗီလာအသင်းဆီ ရောင်းချလိုက်ချိန်တုန်းက ကာရစ်က မစ်ဒယ်ဘရော့အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူနေတာပါ။
တနင်္ဂနွေနေ့မှာ ကစားမယ့် ဗီလာနဲ့ပွဲစဉ်မတိုင်ခင်မှာ ကာရစ်က "ပထမဆုံးအနေနဲ့ မော်ဂန်တစ်ယောက် အချိန်အတော်ကြာအောင် ဒီလောက်ထိ ကောင်းကောင်းမွန်မွန် ဆက်တိုက်ကစားနိုင်နေတာကို မြင်ရတာ တကယ့်ကို ဝမ်းသာစရာပါပဲ။
သူ့ကို ဇန်နဝါရီမှာ စတင်ခေါ်ယူခဲ့တုန်းက ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော် တကယ်မသေချာခဲ့ဘူး။ ဒါဟာ သူ့အတွက် ခြေလှမ်းသစ်တစ်ခုဖြစ်သလို မစ်ဒယ်ဘရော့မှာလည်း သူ အကြာကြီး မကစားခဲ့ရသေးတော့ သူ ဒီထက်ပိုပြီး အချိန်ယူရဦးမယ်လို့ ကျွန်တော် ထင်ခဲ့တာ။
ဒါပေမဲ့ အက်စတွန်ဗီလာကို ရောက်သွားတဲ့အခါမှာတော့ သူက တိုးတက်မှုအကြီးကြီးတွေ ရှိလာခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားဖြစ်လာသလို အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပါဝင်လာနိုင်ခဲ့ပါတယ်။ ဒါဟာ သူ ဘယ်လောက်တောင် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို ပြနေတာပါ။
သူ့ရဲ့ အရည်အချင်းတွေ၊ ဘောလုံးသယ်ဆောင်ပုံတွေ၊ ဘယ်ခြေညာခြေ နှစ်ဖက်လုံး သုံးနိုင်တာတွေ၊ ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းနိုင်စွမ်းတွေအပြင် ကြံ့ခိုင်မှုပိုင်းမှာလည်း အရမ်းကောင်းတာတွေကို ကြည့်ပြီး သူ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတဲ့ အလားအလာတွေကို အမြဲတမ်း မြင်တွေ့နိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ သူ့ကို စတင်ခေါ်ယူချိန်မှာ ကောင်းကွက်တွေ အများကြီးရှိခဲ့ပေမဲ့ အခုလိုမျိုး အသင်းအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိလာတာကတော့ ကျွန်တော် ထင်ထားတာထက်တင်မကဘဲ မော်ဂန်ကိုယ်တိုင်တောင် မျှော်လင့်ထားတာထက် ပိုကောင်းနေလိမ့်မယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ အခုလို မြင်ရတာ ဝမ်းသာစရာပါ။ သူ ဒီလောက်ထိ ကောင်းကောင်းကစားနိုင်တာကို မြင်ရတာ ကျွန်တော် ပျော်ပါတယ်။ ပြိုင်ဘက်အနေနဲ့ ပြန်လည်ရင်ဆိုင်ရမှာကတော့ တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ သူက လူကောင်းတစ်ယောက်ဖြစ်သလို လက်တွဲရတာလည်း အရမ်းကောင်းတဲ့သူမို့ အခုလို အောင်မြင်နေတာကို မြင်ရတာ တကယ်ပဲ ဝမ်းသာမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။