ဆိုလန်ကီနဲ့ ဆိုင်မွန်တို့ရဲ့ ဒဏ်ရာပြဿနာကြောင့် ချွေးပြန်နေရတဲ့ တော့တင်ဟမ်နည်းပြဒီဇာဘီ
ဝုဗ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စနေ့နေ့ပွဲစဉ်မှာ ဆိုလန်ကီနဲ့ ဇာဗီဆိုင်မွန်တို့ နှစ်ဦးလုံးကို ဒဏ်ရာပြဿနာကြောင့် လူစားလဲလှယ်ခဲ့ရလို့ သူတို့ရဲ့ကြံ့ခိုင်မှုအခြေအနေကို တော့တင်ဟမ်အသင်း ပြန်လည်စစ်ဆေးသွားရပါလိမ့်မယ်။ ဒါက တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ဖို့ ကြိုးစားနေရတဲ့ နည်းပြဒီဇာဘီအတွက်တော့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဆိုလန်ကီက ပွဲကစားချိန် မိနစ် ၄၀ မှာ ကြွက်သားဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပြီး ဆိုင်မွန်ကတော့ ၆၃ မိနစ်မှာ ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။
"ဆိုလန်ကီက ကြွက်သားဒဏ်ရာ ရသွားတာပါ။ ဒဏ်ရာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာတော့ ကျွန်တော် မသိရသေးပါဘူး။ ဆိုင်မွန်ကတော့ ဒူးမှာ ပြဿနာရှိနေလို့ လာမယ့် တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့လောက်အထိ အခြေအနေကို စောင့်ကြည့်ရပါလိမ့်မယ်" လို့ ဒီဇာဘီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဆိုလန်ကီအတွက်ကတော့ အများကြီးစိုးရိမ်စရာမရှိပေမဲ့ သူ ဘယ်နှစ်ပွဲလောက် နားရမလဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဇာဗီရဲ့အခြေအနေအစစ်အမှန်ကိုတော့ ကျွန်တော် သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒူးဒဏ်ရာက ကြွက်သားဒဏ်ရာထက် ပိုပြီးတော့ သတိထားရလို့ပါ" လို့ သူက ဆိုပါတယ်။
၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်တန်းဆင်းရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တော့တင်ဟမ်အသင်းက ရာသီလက်ကျန်လေးပွဲရဲ့ကနဦးပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ကစားရပါမယ်။