ပိုကယ်လ်ဖလားဆီမီးဖိုင်နယ်အောင်ပွဲအပြီး စာချုပ်သစ်အတွက် အရိပ်အမြွက်ထုတ်ပြောလာတဲ့ နူအာ
အသက် ၄၀ အရွယ်ဝါရင့်ဂိုးသမားကြီးက စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ယမန်နေ့ညပိုင်းမှာကစားခဲ့တဲ့ ဂျာမန်ပိုကယ်လ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ လေဗာကူဆင်ကို ၀-၂ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းက ငါးနှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါက နူအာကိုယ်တိုင် အလွန်မျှော်လင့်တောင့်တခဲ့တဲ့အရာလည်း ဖြစ်ပါတယ်။
"ကျွန်တော် ဘာလင်ကို လွမ်းနေတာပါ။ ဗိုလ်လုပွဲကို ဒီလောက်ကြာအောင် မတက်ရောက်နိုင်ဘူးဆိုတာ တကယ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက ဘယ်လောက်တောင် ထူးခြားတဲ့ပွဲလဲဆိုတာ ကျွန်တော်တို့ သိနေလို့ပါပဲ။ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ ကလပ်အသင်းအတွက် ထူးခြားတဲ့ အခိုက်အတန့်ဖြစ်ပြီး ဒီနေ့မှာတော့ ကျွန်တော်တို့က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်" လို့ ဝါရင့်ဂိုးသမားကြီးက ပွဲစဉ်အပြီးမှာ ပြုံးရွှင်စွာ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လေဗာကူဆင်အတွက် ဂိုးကာကွယ်မှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ပြိုင်ဘက်ဂိုးသမားဖလက်ကင်ကိုလည်း နူအာက ချီးကျူးစကားဆိုခဲ့ပါတယ်။ "ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေအများကြီး သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ ဖလက်ကင်က တကယ်ကို လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ အာရုံစိုက်ကစားခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်" လို့ နူအာက ဆိုပါတယ်။
ဂျာမန်ချန်ပီယံအသင်းမှာ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်နေမှုအပေါ် မေးမြန်းရာမှာတော့ အသက် ၄၀ နှစ်အရွယ်ဝါရင့်ဂိုးသမားကြီးက အသေးစိတ်ကို ထုတ်မပြောဘဲ အရိပ်အမြွက်လောက်ပဲ ပြောဆိုသွားခဲ့ပါတယ်။ "အခုလောလောဆယ်မှာတော့ ဘာကိုမှ အတိအလင်း မကြေညာနိုင်သေးပါဘူး၊ ဒါပေမဲ့ လောလောဆယ် အခြေအနေ ကောင်းနေပါတယ်" လို့ ပြောကြားခဲ့ရာ ဆွေးနွေးမှုတွေက ချောချောမွေ့မွေ့ ရှိနေတယ်ဆိုတာကို သိသာစေပါတယ်။