ဟန်စီဖလစ်ခ်အစား ကွန်ပနီကို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ဂျက်ဆန်ကို အပြီးသတ်မခေါ်ယူဘူးလို့ ဖွင့်ဟလိုက်တဲ့ ဘိုင်ယန်အကြီးအကဲ
ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမက်စ်အီဘရယ်လ်က နည်းပြသစ်ရှာဖွေရာမှာ ဗင်းဆင့်ကွန်ပနီကို အသင်းရဲ့ဦးစားပေးစာရင်း၊ ထိပ်ဆုံးနေရာမှာ အမြဲထားရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့သလို နီကိုလပ်စ်ဂျက်ဆန်ကိုလည်း အပြီးသတ်ခေါ်ယူတော့မှာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
မနေ့ညက ZDF နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အီဘရယ်လ်က ဘိုင်ယန်မြူးနစ်အသင်းရဲ့လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် ကွန်ပနီကို ဘယ်လိုပုံစံနဲ့ချဉ်းကပ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ "ကျွန်တော်တို့ နာဂယ်စ်မန်း၊ ရန်းနစ်ခ်၊ ဂလက်စ်နာတို့နဲ့ စကားပြောခဲ့ကြပါတယ်။ တချို့ကတော့ ဟန်ဆီဖလစ်ကို ပြန်ခေါ်စေချင်ကြတာပေါ့။ ဒါပေမဲ့ ကွန်ပနီကတော့ ကျွန်တော်တို့ရဲ့စာရင်းထဲမှာ အမြဲတမ်း ပါဝင်နေခဲ့ပါတယ်။ အစပိုင်းမှာတော့ ကွန်ပနီကို တိုက်ရိုက်ဆက်သွယ်ဖို့ ကျွန်တော် သိပ်မဝံ့မရဲ ဖြစ်ခဲ့မိတယ်" လို့ သူက ဆိုပါတယ်။
"သူဟာ တကယ်ကို လူတော်တစ်ဦးဖြစ်သလို နည်းပြကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ပက်ဂွာဒီယိုလာဆီကရော၊ တခြားနေရာတွေကပါ အကောင်းမြင်တဲ့ မှတ်ချက်တွေပဲ ရရှိခဲ့ပါတယ်။ ဒါကြောင့် ရူမင်နစ်ဂီကို 'ပက်ဂွါဒီယိုလာဆီ ဖုန်းဆက်ကြည့်လိုက်ပါ' လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အဲဒါကပဲ လမ်းစဖြစ်ခဲ့ပြီး သူ့ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်" လို့ အီဘရယ်လ်က ဆက်ပြောပါတယ်။
အသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီးတော့လည်း နီကိုလပ်စ်ဂျက်ဆန်အတွက် အပြီးသတ်ဝယ်ယူခွင့်ကို အသုံးမပြုတော့ဘူးလို့ ဝန်ခံပြောကြားခဲ့သလို မိုက်ကယ်အိုလီစီနဲ့ နူအာတို့ရဲ့ အနာဂတ်အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်။ "ကျွန်တော်တို့အတွက်တော့ အိုလီစီကို ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ဆိုတာ တစ်စက္ကန့်တောင် စဉ်းစားစရာမလိုတဲ့ ကိစ္စပါ။ သူဟာ အခုချိန်မှာ အရမ်းကို ထူးထူးခြားခြားတိုးတက်လာနေပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် "နူအာကတော့ အသင်းရဲ့ဂန္ထဝင်တစ်ဦးပါ။ ကျွန်တော်တို့ အေးအေးဆေးဆေးထိုင်ပြီး စကားပြောသွားပါမယ်။ နူအာသာ အဆင်သင့်ဖြစ်မယ်ဆိုရင် သူ နောက်ထပ်တစ်နှစ်လောက် ဆက်ကစားဖို့အတွက် ကန့်ကွက်စရာ အကြောင်းရင်း ဘာမှမရှိပါဘူး" လို့လည်း အီဘရယ်လ်က ပြောကြားခဲ့ပါတယ်။
အသက် ၅၂ နှစ်အရွယ်အီဘရယ်လ်က ဂျာမန်စံချိန်တင်ချန်ပီယံအသင်းဆီ စရောက်လာချိန် မီဒီယာတွေရဲ့ အနီးကပ်စောင့်ကြည့်ခံရမှုနဲ့ ဖိအားတွေ ကြုံတွေ့ခဲ့ပုံကိုလည်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။ "အဲဒီတုန်းက ကျွန်တော်ဟာ အဏုကြည့်မှန်ဘီလူးအောက်မှာ ရောက်နေသလိုပါပဲ။ တချို့အချိန်တွေမှာ ကျွန်တော့်အတွက် ကာကွယ်ပေးမှုတွေ ပိုရစေချင်ခဲ့မိပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်ဆိုတာ ဘယ်လောက်ကြီးမားတဲ့ကလပ်အသင်းလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒီလိုအသင်းမျိုးအတွက် ကြိုတင်ပြင်ဆင်ထားလို့ မရပါဘူး၊ တိုက်ရိုက်ဝင်တိုးပြီး ရင်ဆိုင်ရုံပဲ ရှိတာပါ" လို့ ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။