ဘာစီလိုနာနဲ့ကောလာဟလတွေထွက်ပေါ်နေတဲ့အပေါ် တုံ့ပြန်မှုတွေပြုလုပ်လာတဲ့ အက်စလာနီ
ဟော်ဖန်ဟိမ်းတိုက်စစ်မှူး ဖစ်နစ်အက်စလာနီက သူနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် စိတ်လှုပ်ရှားမနေဘဲ သာမန်ကာလျှံကာပဲ သဘောထားတယ်လို့ ပြောကြားလိုက်ပါတယ်။
အက်စလာနီဟာ ဒီနွေရာသီမှာ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကို ဝယ်ယူချင်တဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေတယ်လို့ သတင်းထွက်နေသူပါ။
ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကလည်း ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို အတည်ပြုထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က မိန့်ဇ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အက်စလာနီက "မနှစ်က ကျွန်တော် အယ်ဗာဘတ်မှာ ရှိနေတုန်းကလည်း လူတိုင်းက 'အခု ဘာဆက်ဖြစ်မှာလဲ၊ နောက်ရာသီ စာချုပ်က ဘယ်လိုလဲ' ဆိုပြီး အမျိုးမျိုး ပြောနေကြတာပါ။
အဲ့ဒီတုန်းကလည်း ကျွန်တော်က 'ကျွန်တော့်ကို အေးအေးဆေးဆေး လွှတ်ထားပေးပါ၊ ဘောလုံးပဲ ကစားပါရစေ၊ ပျော်ပျော်ရွှင်ရွှင်ပဲ နေပါရစေ' လို့ပဲ တုံ့ပြန်ခဲ့ပါတယ်။ အခုနှစ်မှာလည်း အဲ့ဒီအတိုင်းပါပဲ။ အဆုံးသတ်မှာ ဘာဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။
ကျွန်တော်ကတော့ ကွင်းထဲမှာ ဘယ်လိုခြေစွမ်းပြမလဲဆိုတာကိုပဲ အာရုံစိုက်နိုင်ပါတယ်။ အသင်းအတွက် ဂိုးသွင်းတာ၊ ဂိုးဖန်တီးပေးတာတွေနဲ့ အတတ်နိုင်ဆုံး ကူညီပေးသွားဖို့ပဲ ကြိုးစားနေပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်၊ ဘာသတင်းတွေထွက်နေတယ်ဆိုတာကို စိတ်မဝင်စားပါဘူး။ လူတိုင်းကတော့ အမျိုးမျိုး ပြောနေကြတာပဲလေ" လို့ ပြောကြားခဲ့ပါတယ်။