The network connection is lost.

Banner Image

မန်စီးတီးကစားသမားတွေအပေါ် လှောင်ပြောင်ခဲ့တဲ့ လိဒ်ပရိသတ်တွေကို ပက်ဂွါဒီယိုလာဝေဖန်

မနေ့ညပိုင်း၊ အယ်လန်ရုဒ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရမ်ဇာန်ဥပုသ်ဖြေဖို့ ခေတ္တအနားယူတဲ့ မန်စီးတီးအသင်းရဲ့ မူစလင်ကစားသမားတွေအပေါ် လှောင်ပြောင်ခဲ့ကြတဲ့ လိဒ်ပရိသတ်တွေကို နည်းပြပက်ဂွါဒီယိုလာက ဖေဝန်ပြောဆိုလိုက်ပါတယ်။

အားကစားကွင်းအတွင်း အသိပေးချက်ထွက်ပေါ်ပြီးနောက် နေဝင်ချိန်မှာ အစ်နူရီ၊ ရိုင်ယန်ချာကီနဲ့ အိုမာမာမွတ်ရှ်တို့ ရေဓာတ်ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ပွဲစဉ်ကို ခေတ္တရပ်နားပေးခဲ့ပါတယ်။

အခုလိုပွဲခေတ္တရပ်နားလိုက်မှုအပေါ် အိမ်ရှင်ပရိသတ်အချို့ မနှစ်လိုတဲ့ပုံစံမျိုးတုံ့ပြန်ခဲ့ကြလို့ ပက်ဂွါဒီယိုလာက အခုလိုခေတ်သစ်လူ့အဖွဲ့အစည်းမှာ မတူညီတဲ့ဘာသာတရားတွေအပေါ် ပိုမိုသည်းခံနားလည်ပေးဖို့နဲ့ လေးစားမှုရှိဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

"ဒါက ခေတ်သစ်ကမ္ဘာလေ၊ ဟုတ်တယ်မလား။ ဒီနေ့ခေတ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ခင်ဗျားတို့လည်း မြင်သားပဲ။ ဘာသာတရားနဲ့ ကွဲပြားခြားနားမှုတွေကို လေးစားဖို့ဆိုတာက အဓိကပါပဲ" လို့ သူက မီဒီယာတွေကို ပြောပါတယ်။

"ပရီးမီးယားလိဂ်ကလည်း ဥပုသ်စောင့်ထားတဲ့ကစားသမားတွေအတွက် တစ်မိနစ်၊ နှစ်မိနစ်လောက် အချိန်ပေးလို့ရတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုလိုတုံ့ပြန်မှုတွေ ကြုံခဲ့ရပါတယ်။"

"ကစားသမားတွေလည်း ဒါကို သိပါတယ်။ ချာကီနဲ့ အစ်နူရီတို့က ဒီနေ့တစ်နေလုံး ဘာမှမစားထားရလို့ ကျွန်တော်တို့ ဗီတာမင်လေး နည်းနည်းပဲတိုက်လိုက်တာပါ။ ဒါထက်လည်း ဘာမှမပိုပါဘူး။ မေးချင်တာက သူတို့ အခုလိုလုပ်လို့ရသလား၊ မရဘူးလား ဆိုတာပါပဲ။ ဘာပြဿနာရှိလို့ပါလဲ" လို့ ဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။