The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဟာလန်းကို ဂွါဒီယိုလာချီးကျူး

နယူးကာဆယ်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ အာလင်းဟာလန်းရဲ့ ကိုယ်ကျိုးမငဲ့ဘဲ ကစားပေးခဲ့တဲ့ စိတ်ဓာတ်ကို ပက်ဂွါဒီယိုလာက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ နီကိုအိုရီလီက သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် မန်စီးတီးတို့ အဖိုးတန် ၃ မှတ် ရရှိခဲ့ပြီး ဇယားထိပ်က အာဆင်နယ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို အပြတ်အသတ် ဦးဆောင်နေသူဖြစ်သလို မန်စီးတီးနဲ့အတူ ၄ နှစ်အတွင်း ၃ ကြိမ်မြောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူဖို့လည်း ပစ်မှတ်ထားနေပါတယ်။

ဒါပေမဲ့ နယူးကာဆယ်နဲ့ပွဲမှာတော့ သူဟာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့လည်း နော်ဝေတိုက်စစ်မှူးဟာ ကွင်းရဲ့ ဟိုဘက်ဒီဘက် အစွန်းနှစ်ဖက်လုံးမှာ နယူးကာဆယ်နောက်ခံလူတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရင်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးသွင်းခွင့် သိပ်မရခဲ့တဲ့ ဒီပွဲမှာ ဟာလန်းရဲ့ အကျိုးပြုမှုကို ဂွါဒီယိုလာက အလွန်ကျေးဇူးတင်နေပါတယ်။

"ကျွန်တော်ကတော့ အသင်းကို ခံစစ်မဆင်းခိုင်းချင်ပါဘူး။ ဒါပေမဲ့ ဘောလုံးအရှည်တွေနဲ့ ကစားလာတဲ့အခါမှာတော့ ဟာလန်းက ဗဟိုနောက်ခံလူတစ်ယောက်လိုမျိုး ကူညီပေးခဲ့ရတယ်" လို့ မန်စီးတီးနည်းပြက ဆိုပါတယ်။

"ပွဲပြီးခါနီးအချိန်မှာ ဒန်ဘန်းတို့၊ ဂျိုးလင်တန်တို့အပြင် ကစားသမားတွေအကုန်လုံး တက်လာတဲ့အချိန်မှာ ဟာလန်းက ကျွန်တော်တို့ကို ကူညီပေးခဲ့ရတာပါ။ ဟာလန်းကို ခံစစ်ဆင်းကစားခိုင်းရတာကို ကျွန်တော် သိပ်သဘောမကျပေမဲ့ သူကတော့ ကျွန်တော်တို့ကို အကောင်းဆုံး ကူညီပေးခဲ့ပါတယ်။ ပွဲအပြီးမှာ အသင်းဖော်တွေက သူ့ကိုဖက်ပြီး အောင်ပွဲခံတာ၊ ကျေးဇူးတင်ကြတာတွေကို တွေ့လိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ နယူးကာဆယ်က ကျွန်တော်တို့ကို အဲဒီလိုဖြစ်အောင် ဖိအားပေးခဲ့တာကိုး။ သူ ဂိုးသွင်းနိုင်အောင် နောက်ဆုံးဖန်တီးမှုတွေ မလုပ်ပေးနိုင်ခဲ့တာကိုပဲ သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်" လို့ ဆက်ပြောပါတယ်။

"သူ့အတွက်ကတော့ တောက်လျှောက်ပြေးလိုက်၊ တိုက်ခိုက်လိုက်နဲ့ အင်တိုက်အားတိုက် ကစားပြီးမှ ဂိုးသွင်းဖို့ နောက်ဆုံးဘောလုံး မရတာက ခက်ခဲပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ဘောလုံးပွဲက ဒီလိုပါပဲ။ သူက တကယ်ကို စိတ်သဘောထားပြည့်ဝပြီး ကိုယ်ကျိုးမငဲ့တဲ့ ကစားသမားပါ။ ဒီနေ့မှာ ဟာလန်း လုပ်ပြခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး" လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ဟာလန်းဟာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ရုံသာမက ဂိုးပါဝင်ပတ်သက်မှု (ဂိုးသွင်းခြင်းနဲ့ ဖန်တီးမှု) မှာလည်း ၂၉ ကြိမ်အထိ ရှိထားပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်ပြီး ဒုတိယနေရာက ကစားသမားထက် ၁၁ ကြိမ်တောင် ပိုများနေတာပါ။

နယူးကာဆယ်နဲ့ပွဲ ၂၇ မိနစ်မှာလည်း အိုရီလီရဲ့ အနိုင်ဂိုးအတွက် သေချာတိကျတဲ့ ဖြတ်တင်ဘောကနေ ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်ပေးခဲ့ပါသေးတယ်။

"ဂိုးဧရိယာထဲမှာတော့ တစ်ယောက်ယောက်က သူ့ဆီ ဘောလုံးဖြတ်တင်ပေးတာကိုပဲ ကျွန်တော် မြင်ချင်တာပါ။ အဲဒီဂိုးမှာ သူက အရမ်းကောင်းတဲ့ ရွေ့လျားမှုနဲ့အတူ ဂိုးဖန်တီးပေးခဲ့တာပါ။ ဒီရာသီမှာ သူ ဂိုးဖန်တီးမှုတွေ အများကြီး လုပ်ထားတယ်လို့ လူတွေ့မေးမြန်းခန်းတစ်ခုမှာ တစ်ယောက်က လာပြောပါတယ်။ သူ့ရဲ့ ကိန်းဂဏန်းတွေ၊ ကြိုးစားအားထုတ်မှုတွေက တကယ်ကို မယုံနိုင်စရာပါပဲ။ ကျွန်တော် အရမ်းကျေနပ်ပါတယ်။ တစ်ခါတလေ ကျွန်တော် သူ့ကို ဝေဖန်တာမျိုး ရှိပေမဲ့ ဒီနေ့မှာတော့ 'မင်းမရှိရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူး' လို့ သူ့ကို ပြောခဲ့ပါတယ်။ ဟာလန်းက တကယ်ကို ထူးချွန်ပါတယ်" လို့ ဂွါဒီယိုလာက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။