The network connection is lost.

Banner Image

ဂွါဒီယိုလာရဲ့နေရာမှာအစားထိုးဖို့ မန်စီးတီးကောင်းကောင်းအဖြေရှာနိုင်မယ်လို့ဆိုလာတဲ့ အဂူရို

မန်စီးတီးဂန္ထဝင်ကစားသမား အဂူရိုက ပက်ဂွါဒီယိုလာနဲ့ အသင်းမှာရှိနေမယ့် သူ့ရဲ့အနာဂတ်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်ကတည်းက စီးတီးကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပရီမီယံလိဂ်ဖလား ၆ ကြိမ်အပြင် တခြားအောင်မြင်မှုများစွာကိုလည်း ရယူပေးထားနိုင်ခဲ့ကာ စီးတီးကို ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့သူပါ။

လက်ရှိမှာတော့ ဂွါဒီယိုလာဟာ ဒီရာသီမှာ ဆုဖလားတွေ ဆက်လက်ရယူနိုင်ဖို့အတွက် အီတီဟတ်ကွင်းမှာ အပြည့်အဝ အာရုံစိုက်နေပေမဲ့လည်း သူ့ရဲ့ မရေရာတဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေကတော့ အမြဲလိုလို ထွက်ပေါ်နေပါတယ်။

စပိန်လူမျိုးနည်းပြကြီးဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းလောက်က အီတီဟတ်မှာ ၃ နှစ်သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ပေမဲ့လည်း အခုရာသီအကုန် နွေရာသီမှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းရင်းမြစ် အတော်များများက ဖော်ပြနေကြပါတယ်။

Stake နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အဂူရိုက စီးတီးအနေနဲ့ ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးဖို့ အသင့်ဖြစ်နေပြီလို့ သူယုံကြည်ကြောင်းနဲ့ ဘယ်သူပဲရောက်လာပါစေ အောင်မြင်မှုတွေ ဆက်လက်ရရှိဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"သူ့စာချုပ်သက်တမ်းက နောက်ထပ်တစ်ရာသီပဲ ကျန်တော့တယ်လို့ ပက်က ပြီးခဲ့တဲ့လပိုင်းတွေမှာ ထပ်ခါတလဲလဲ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် သူ ရာသီအကုန်မှာ ထွက်မှာလား၊ မထွက်ဘူးလားဆိုတာကို အခုချိန်မှာ ခန့်မှန်းနေဖို့ မလိုပါဘူး။ အောင်မြင်တဲ့ နည်းပြတစ်ယောက် ထွက်သွားတဲ့အခါမျိုးမှာ အပြောင်းအလဲတချို့နဲ့ ပြန်လည်ပြင်ဆင်မှုတွေ ရှိတတ်တာကတော့ ထုံးစံပါပဲ။ ဒါပေမဲ့ အချိန်တန်တဲ့အခါ စီးတီးအနေနဲ့ သူ့နေရာမှာ အကောင်းဆုံး အစားထိုးနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်။ စီးတီးလို ထိပ်တန်းအဆင့်မှာ အခိုင်အမာ ရပ်တည်နိုင်ခဲ့တဲ့ အဖွဲ့အစည်း၊ ကလပ်အသင်းမျိုးဟာ တော်တဲ့နည်းပြတစ်ယောက်ထက်ကို ပိုပြီးအနှစ်သာရရှိပါတယ်။ ဘယ်သူပဲရောက်လာပါစေ ဆက်လက်တိုးတက်ဖို့အတွက် ခိုင်မာတဲ့ အခြေခံကောင်းတွေကို ရရှိထားပြီးသားဖြစ်မှာပါ" လို့ အဂူရိုက ဆိုပါတယ်။

ဂွါဒီယိုလာကိုယ်တိုင်ကလည်း ချယ်လ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာကို အသင်းကို ကိုင်တွယ်ဖို့ ထောက်ခံထားဖူးတာကြောင့် သူ့ကိုလည်း စီးတီးနည်းပြသစ်အဖြစ် သတင်းတွေ ထွက်နေပါတယ်။ ဂွါဒီယိုလာက သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်နေတာဖြစ်လို့ လာမယ့်လအနည်းငယ်အတွင်းမှာ သတင်းအချက်အလက်သစ်တွေ ထပ်မံထွက်ပေါ်လာဖို့ ရှိနေပါတယ်။