The network connection is lost.

Banner Image

ဘာမင်ဂမ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီးနောက် အသင်းဖော်တွေရဲ့ရုန်းကန်အားကို ချီးကျူးလာတဲ့ ပါရီ

ဒီနေ့မှာ ကစားခဲ့တဲ့ ဘာမင်ဂမ်စီးတီးနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ အသင်းကို အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ လိဒ်ယူနိုက်တက် ဂိုးသမား လူကပ်စ်ပါရီက ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ လုကပ်စ်နီမက်ချာရဲ့ ဂိုးနဲ့ လိဒ်ယူနိုက်တက်တို့ ၁ ဂိုး ၀ ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမဲ့ မိနစ် ၉၀ ပြည့်ခါနီးမှာ ပက်ထရစ်ရောဘတ်စ်က ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုပြီးဆုံးတဲ့အထိ ၁ ဂိုးစီ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပါရီက တွမ်မီဒွိုင်းရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို ရောဘတ်စ်ကလည်း ဂိုးဘားတန်းပေါ် ကျော်ကန်ခဲ့တာကြောင့် ပါရီဟာ အသင်းအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အာဂျင်တီးနားဂိုးသမားက "အသင်းသားတွေရဲ့ ရုန်းကန်ကြိုးစားမှုက တကယ့်ကို အံ့ဩစရာကောင်းပါတယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ တကယ်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ရတာပါ။ ဘာမင်ဂမ်လို အသင်းမျိုးနဲ့ ကစားရတာ အမြဲတမ်း ခက်ခဲပါတယ်။ ဒါကြောင့် အခုလို အစွမ်းကုန်ကြိုးစားပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် အသင်းဖော်အားလုံးကို ဂုဏ်ပြုပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ပင်နယ်တီတွေအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ပါရီက "ကျွန်တော်တို့ ပြိုင်ဘက်တွေအကြောင်း ဗီဒီယိုတွေ ကြည့်ပြီး ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက ပထမ ပင်နယ်တီ နှစ်လုံးမှာ ကန်တဲ့သူတွေက အင်္ကျီမှာ ကျောနံပါတ်တွေ မပါတာကြောင့် ဘယ်သူလဲဆိုတာ ခွဲခြားဖို့ ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်" လို့ ဝန်ခံခဲ့ပါတယ်။

"တတိယမြောက် ကန်ချက်မှာတော့ သူဘယ်ဘက်ကို ကန်မလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အာရုံခံစားမှုအတိုင်းပဲ ဆုံးဖြတ်ပြီး ကာကွယ်ခဲ့တာပါ။ အသင်းအတွက် အခုလို ကူညီပေးနိုင်ခဲ့လို့ ဝမ်းသာပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။