ဘာမင်ဂမ်ကိုအနိုင်ရဖို့ အတော်လေးရုန်းကန်ခဲ့ရကြောင်း ဝန်ခံပြောကြားလာတဲ့ လောင်းစတပ်ဖ်
လိဒ်စ်ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ရှောင်လောင်းစတပ်ဖ်က ဒီနေ့ ဘာမင်ဂမ်စီးတီး အသင်းနဲ့ ကစားခဲ့တဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပေမဲ့ ကစားဟန်ကတော့ အနိုင်ရဖို့ တော်တော်လေးကို ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
လောင်းစတပ်ဖ်ဟာ စိန့်အင်ဒရူးကွင်းမှာ ကစားခဲ့တဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ အသင်းအတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့တာပါ။ အဲ့ဒီမတိုင်ခင် ပွဲကစားချိန်အတွင်းမှာတော့ လူးကပ်စ်အန်မန်ချာရဲ့ ဂိုးနဲ့ လိဒ်စ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပေမဲ့ မိနစ် ၉၀ ပြည့်ခါနီးမှာ ပက်ထရစ်ရောဘတ်က ချေပဂိုးပြန်သွင်းခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုပြီးဆုံးချိန်အထိ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ လိဒ်စ်ဂိုးသမား လူးကပ်စ်ပယ်ရီက တွမ်မီဒွိုင်းရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို၊ ရောဘတ်ရဲ့ ကန်ချက်ကလည်း ဘားတန်းပေါ် ကျော်သွားခဲ့တာကြောင့် လိဒ်စ်အသင်းအတွက် အခွင့်အရေးဖြစ်စေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ လောင်းစတပ်ဖ်က အနိုင်သေချာစေမယ့် ပင်နယ်တီကို အမှားအယွင်းမရှိ သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ သူက "ကိုယ့်ဘက်က လွဲချော်သွားခဲ့ရင်တောင် နောက်ထပ် ပင်နယ်တီကန်ဖို့ အခွင့်အရေးတွေ ရှိနေသေးတယ်ဆိုတဲ့ အသိက စိတ်ကို ပိုပေါ့ပါးစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာ လူးကပ်စ်ပယ်ရီက တကယ်ကို အားကိုးထိုက်တဲ့သူပါ၊ ပင်နယ်တီအဆုံးအဖြတ်မှာတင်မကဘဲ ပွဲကစားနေစဉ်အတွင်းမှာရော၊ အထူးသဖြင့် ပထမပိုင်းမှာပေါ့၊ သူ အစွမ်းပြနိုင်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် "ကျွန်တော်တို့တွေ ရလဒ်ကောင်းရအောင် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ FA Cup ပြိုင်ပွဲတွေက အနိုင်ရဖို့ ဘယ်တော့မှ မလွယ်ကူပေမဲ့ အခုလို နောက်တစ်ဆင့်တက်နိုင်ခဲ့လို့ ဝမ်းသာပါတယ်" လို့လည်း ဆိုပါတယ်။
"အဆင့်နိမ့်အသင်းတွေရဲ့ကွင်းမှာ သွားကစားရတဲ့အခါတိုင်း လူတွေက အလွယ်တကူ အနိုင်ရမယ်လို့ မျှော်လင့်ထားကြပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ သူတို့တွေ ဒီနေ့ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နောက်ဆုံးမှာတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အခိုက်အတန့်တွေက အရေးကြီးသွားပြီး ကျွန်တော်တို့က ဒီနေ့ပွဲမှာ အဲ့ဒီလိုအခိုက်အတန့်တွေကို ပိုပြီး အသုံးချနိုင်ခဲ့ပါတယ်။ ဂိုးသမား လူးကပ်စ်အတွက်လည်း တကယ်ကို ဝမ်းသာပါတယ်။ သူ့အတွက် ခက်ခဲတဲ့အချိန်တွေရှိခဲ့ပေမဲ့ ဒီနေ့မှာတော့ သူက ဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်။ သူ့အတွက် ကျွန်တော် တကယ်ကို ပျော်ပေးမိပါတယ်" လို့ လောင်းစတပ်ဖ်က ပြောကြားခဲ့ပါတယ်။