The network connection is lost.

Banner Image

လီဗာပူးရဲ့တည်ကန်ဘောစွမ်းရည်တိုးတက်လာမှုကို ကျေနပ်အားရနေတဲ့ အန်းစလော့

ဝက်စ်ဟမ်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ မနေ့ညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လီဗာပူးနည်းပြအန်းစလော့က အခုဘောလုံးရာသီမှာ ကစားပုံပိုမိုကောင်းမွန်ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး အခုပွဲစဉ်မှာတော့ တည်ကန်ဘော(set pieces)တွေရဲ့အကျိုးသက်ရောက်မှု အားရစရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ချန်ပီယံတွေက အခုပွဲစဉ်မှာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယအကြိမ်အဖြစ် ပထမပိုင်းပွဲချိန်အတွင်း ထောင့်ကန်ဘောမှတဆင့် ဦးဆောင်ဂိုးသုံးဂိုး သွင်းယူနိုင်တဲ့မှတ်တမ်းကောင်းကို အီကီတီကီ၊ ဗန်ဒိုက်နဲ့ မက်အယ်လစ္စတာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ရယူခဲ့ပါတယ်။

လီဗာပူးက တည်ကန်ဘောမှတဆင့် ဂိုးရရှိမှုနဲ့ ဂိုးပေးရမှုနှိုင်းယှဉ်ချက်အရ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပရီးမီးယားလိဂ်ရဲ့အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ်မှာတော့ အကောင်းဆုံးအသင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

"တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ ပထမအချက် ကျွန်တော်တို့ အနိုင်ရရှိခဲ့လို့ပါပဲ။ ဒုတိယအချက်အဖြစ် ကျွန်တော်တို့ တော်တော်ကောင်းအောင် ကစားနိုင်တယ်လို့ လူတွေပြောနေကြလို့ပါ။ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ ရှုံးခဲ့တဲ့ပွဲတွေ၊ တည်ကန်ဘောမှတဆင့် ဂိုးပေးခဲ့ရတဲ့ ပွဲတွေမှာတောင် အခုထက်ပိုကောင်းအောင် ကစားခဲ့တာတွေ ရှိပါတယ်။ ရာသီဝက်ကာလမှာတုန်းက ပြိုင်ဘက်တွေရရှိတဲ့တည်ကန်ဘောအားလုံးနီးပါး ဂိုးပေးခဲ့ရပေမဲ့ အခုတော့ ကျွန်တော်တို့ကိုယ်တိုင် တည်ကန်ဘောမှတဆင့် ဂိုးတွေပြန်သွင်းယူနိုင်လို့ အခြေအနေတွေ ပိုပြီးကောင်းမွန်လာပါတယ်" လို့ အန်းစလော့က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တည်ကန်ဘောနည်းပြအာရွန်ဘရစ်ဂ်စ်ကို လီဗာပူးအသင်း ထုတ်ပယ်ခဲ့ပေမဲ့ အန်စလော့ကတော့ အဲ့ဒီအပြောင်းအလဲကြောင့် ထူးထူးခြားခြားဖြစ်သွားတာမျိုး မရှိဘူးလို့ ပြောပါတယ်။ "ကျွန်တော်တို့တွေ ရာသီဝက်ကာလအထိ အခွင့်အရေးတွေ အများကြီးရရှိခဲ့ပြီး ဂိုးဝင်အောင်တော့ မသွင်းနိုင်ခဲ့ပါဘူး။ တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ အသေးစိတ်အချက်အလက်လေးတွေ တစ်ခု၊ နှစ်ခုလောက်တော့ ပြောင်းလဲတာရှိနိုင်ပြီး အခင်းအကျင်းကလည်း အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ အဓိကအကြောင်းအရင်းကတော့ အရာအားလုံး ပုံမှန်အခြေအနေဆီ ပြန်ရောက်သွားတာပါပဲ" လို့ ၎င်းက ဆက်ပြောပါတယ်။
အခုနိုင်ပွဲကြောင့် လီဗာပူးက အမှတ်ပေးဇယားပဉ္စမနေရာဆီ ရောက်လာခဲ့ပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ အလားအလာကောင်းလာပါတယ်။ အခုရာသီ၊ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်းတွေ ရလဒ်ကောင်းနေလို့ အမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းဝင်ရုံဖြင့် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်မှာပါဝင်ယှဉ်ပြိုင်နိုင်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။