နည်းပြလီဘရစ်နဲ့ ပျော်ရွှင်မှုကြောင့် ဆန်းဒါးလန်းကို ရွေးချယ်ခဲ့တာပါလို့ ဝန်ခံလိုက်တဲ့ လီဖီး
အန်ဇိုလီဖီးက ရိုးမားကစားသမားဘ၀ထက် ဆန်းဒါးလန်းမှာ ပိုမိုပျော်ရွှင်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပြင်သစ်ကွင်းလယ်လူလီဖီးက ပြီးခဲ့တဲ့နှစ်အတွင်း ရိုးမားမှ ဆန်းဒါးလန်းဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
သူက TMW နဲ့ အင်တာဗျူးမှာ "ရိုးမားမှာတုန်းက ကျွန်တော် ဘောလုံးကစားခွင့် သိပ်မရခဲ့တဲ့အတွက် နည်းနည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ လီဖီးက သူခြေစွမ်းပြနိုင်ဖို့ဆိုရင် ဘောလုံးကစားရတာကို ပျော်ရွှင်နေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
"ကျွန်တော် ကွင်းထဲမှာ မပျော်ရွှင်ရတဲ့အခါ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ယုံကြည်မှုတွေကို ပြန်လည်ရရှိချင်ခဲ့တယ်။ ဒါကြောင့်လည်း ဆန်းဒါးလန်းကို ပြောင်းလာခဲ့တာပါ။ နည်းပြလီဘရစ်က ကျွန်တော် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ လိုအပ်တဲ့အရာမှန်သမျှကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် သိနေလို့ပဲ ဖြစ်ပါတယ်" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။