ဂါလာတာစာရေးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်တွဲဆိုင်းအတွက် မအံ့ဩမိဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးနည်းပြအန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရင်ဆိုင်ရမယ့် ဂါလာတာစာရေးကို ကျော်ဖြတ်ဖို့ခက်ခဲမယ့်ပြိုင်ဘက်ဖြစ်တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။
လီဗာပူးနဲ့ ဂါလာတာစာရေးတို့က အခုရာသီ၊ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
သောကြာနေ့မဲခွဲမှုရလဒ်နဲ့ပတ်သက်ပြီး အန်းစလော့က "ကျွန်တော်တို့နဲ့တွေ့ဆုံနိုင်ခြေရှိတဲ့ ပြိုင်ဘက်တွေကို ကြည့်မယ်ဆိုရင် အခုလိုထိပ်တိုက်ရင်ဆိုင်ရမယ့်အရေးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အရင်ကလည်း ရင်ဆိုင်ဖူးတဲ့ပြိုင်ဘက်နဲ့ ၁၆-သင်းရှုံးထွက်အဆင့်မှာ ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရပါမယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "ပြီးခဲ့တဲ့တစ်ခေါက်၊ အစ္စတန်ဘူလ်မှာ ကစားခဲ့ချိန်ထက် အဝေးကွင်းပွဲစဉ်မှာ ပိုပြီးတော့ အများကြီးကောင်းအောင် ကစားရပါလိမ့်မယ်" လို့လည်း ဆက်ပြောပါတယ်။
"သူတို့က ဒီအဆင့်အထိတက်လှမ်းနိုင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က လိဂ်ပုံစံအုပ်စုအဆင့်ပွဲစဉ်တွေမှာ အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ဒီနေရာဆီ ကျွန်တော်တို့ ရောက်ချင်သလို အခုရရှိလာတဲ့အခွင့်အရေးကိုလည်း အမိအရဆုပ်ကိုင်သွားချင်ပါတယ်" လို့ အန်းစလော့က သုံးသပ်ပြောကြားခဲ့ပါတယ်။