ဝုဗ်နဲ့ပွဲစဉ်ကိုပါ ထပ်မံလွဲချော်သွားနို်ငတဲ့ ဖလော်ရီယန်ဝစ်ဇ်
လီဗာပူးနည်းပြအန်းစလော့က ဝုဗ်နဲ့ပွဲစဉ်မတိုင်ခင် ဖလော်ရီယန်ဝစ်ဇ်ရဲ့နောက်ကျောဒဏ်ရာ ပြန်လည်သသက်သာလာဖို့ မမျှော်လင့်ထားဘူးလို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
ဂျာမန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်က နောက်ကျောဒဏ်ရာကြောင့် ဝက်စ်ဟမ်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။အသက်-၂၂ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီ၊ ဒုတိယရာသီဝက်မှာ ပုံစံကောင်းပြသနေပြီး ဇန်နဝါရီလအတွင်းကစားခဲ့တဲ့ ပွဲစဉ်ခြောက်ခုမှာ လေးဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ သူက နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မတိုင်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန် ဒဏ်ရာရရှိခဲ့လို့ အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ပါတယ်။
" ဝုဗ်နဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်ပြန်ကစားနိုင်ဖို့ အရမ်းစောဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာလည်း ဒီနေ့ပွဲစဉ်ကို သူလွဲချော်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါကြောင့် တစ်ခါတလေမှာ ဒဏ်ရာတွေရဲ့အခြေအနေက အကောင်းဘက်ကိုရော၊ အဆိုးဘက်ကိုပါ ပြောင်းလဲသွားတတ်ပါတယ်" လို့ အန်းစလော့က ပြောပါတယ်။
"အခုတော့ ဒဏ်ရာက သိပ်အကြာကြီးမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ယူဆထားပေမဲ့ အင်္ဂါနေ့ပွဲစဉ်အတွက်တော့ အရမ်းစောနေပါသေးတယ်။ လတ်တလောမှာ ပွဲစဉ်တွေ အရမ်းစိတ်နေတယ်။ ဒါပေမဲ့ အရင်ပြောခဲ့သလိုပဲ၊ ဒီနေ့ပွဲမှာ သူပါဝင်နိုင်မယ်လို့ ကျွန်တော်ထင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ တကယ်ဖြစ်မလာခဲ့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။