လီဗာပူးနည်းပြ အန်းစလော့ကို နယ်သာလန်လိဂ်ဆီ ပြန်လည်ခေါ်ယူဖို့ အေဂျက်စ်အကြီးအကဲသစ် ဂျော်ဒီခရိုက်ဖ် ပစ်မှတ်ထားနေ
လီဗာပူးနည်းပြအန်းစလော့ကို ပြည်တွင်းလိဂ်ဆီ ပြန်လည်ခေါ်ယူဖို့အတွက် အေဂျက်စ်အသင်း ခြေလှမ်းစတင်လာနိုင်တယ်လို့ ဒတ်ချ်သတင်းထောက်မိုက်ခ်ဗာဝေးက ခန့်မှန်းပြောဆိုလိုက်ပါတယ်။
အေဂျက်စ်အားကစားဒါရိုက်တာအသစ်ဖြစ်လာတဲ့ဂျော်ဒီခရိုက်ဖ်က အန်းစလော့ကို အသင်းဆီ ပြန်လည်ခေါ်ယူပြီး နယ်သာလန်လိဂ်မှာ တာဝန်ပေးသွားဖို့ လာမယ့်နွေရာသီမှာ စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ဆောင်လာလိမ့်မယ်လို့ ဗာဝေးက ယုံကြည်နေတာပါ။
De Telegraaf ရဲ့ Podcast အစီအစဉ်မှာ မိုက်ခ်ဗာဝေးက "လာမယ့်နွေရာသီမှာ ဒစ်ခ်ရှရူဒါက အေဂျက်စ်အတွက် အဓိကရေပန်းအစားဆုံးပုဂိ္ဂုလ် ဖြစ်လာနိုင်သလား? ဂျော်ဒီခရိုက်ဖ်က အန်းစလော့ရဲ့ စွမ်းဆောင်ရည်အပေါ် အတော်လေးသဘောကျနှစ်ခြိုက်နေတယ်လို့ ကြားသိရပါတယ်။
ဒီရာသီကုန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ခရိုက်ဖ်အနေနဲ့ အန်းစလော့ဆီ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လာနိုင်ပါတယ်။ ခရိုက်ဖ်အတွက် အခုလိုမျိုး ဖုန်းဆက်ကမ်းလှမ်းမှုမျိုး မလိုအပ်ဘူးလို့ ပီတာဘော့ဇ်(လက်ရှိပီအက်စ်ဗွီနည်းပြ)ကိုယ်တိုင် ပြောထားခဲ့ဖူးလို့ ဒါက ပီတာဘော့ဇ်အတွက်တော့ အဓိပ္ပာယ်မရှိသလို ဖြစ်နေနိုင်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် ဂျော့ဒီ ခရိုက်ဖ်အနေနဲ့ စပိန်ဈေးကွက်ဆီခြေလှမ်းချဲ့ထွင်ပြီး စပိန်လူမျိုးနည်းပြတစ်ဦးဦးကို ရှာဖွေခေါ်ယူလာခဲ့ရင်လည်း အံ့သြစရာမရှိဘူးလို့ ဗာဝေးက သုံးသပ်ပြောကြားသွားခဲ့ပါတယ်။