လီဗာပူးလူငယ်ကြယ်ပွင့်ဂျော့ရှ်အာဘေးကို အမိအရခေါ်ယူပြီး အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး
လီဗာပူးအသင်းက အသက် ၁၅ နှစ်အရွယ်ရှိ၊ အလားအလာအလွန်ကောင်းလှတဲ့ လူငယ်ကစားသမားဂျော့ရှ်အာဘေးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေပါတယ်။
Liverpool Echo သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းက ဂျော့ရှ်အာဘေးကို လန်ဒန်မြေဆီ ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန်တွန်းအားပေးနေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးက သူတို့ရဲ့ လူငယ်ကြယ်ပွင့်ရီယိုအန်ဂူမိုဟာကို လီဗာပူးတို့ခေါ်ယူသွားမှုအပေါ် အတော်လေး မကျေမနပ်ဖြစ်နေခဲ့တာပါ။ ဒါကြောင့် အခုလို ဂျော့ရှ်အာဘေးကို ပစ်မှတ်ထားလာမှုက လက်စားချေမှုတစိတ်တပိုင်း ပါဝင်နေပါလိမ့်မယ်။ဂျော့ရှ်အာဘေးဟာ လီဗာပူးအသင်းအတွင်း မျှော်လင့်ချင်စရာအကောင်းဆုံးကစာသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာဆိုရင် နည်းပြအန်းစလော့ကိုယ်တိုင် သူ့ကို စီနီယာအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ ပထမဆုံးအကြိမ်ခေါ်ယူခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လ၊ MAS Zilina နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူအီးအက်ဖ်အေလူငယ်လိဂ်ပွဲစဉ်မှာလည်း သူက ပရိသတ်တစ်သောင်းကျော်ရှေ့မှောက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ဂျော့ရှ်အာဘေးဟာ စက်တင်ဘာလအတွင်း ယူ-၁၈ အဆင့်ပွဲဦးထွက်ကိုလည်း ပါဝင်ကစားခဲ့ပါတယ်။ အခုဆိုရင် သူက ပရီးမီးယားလိဂ်ယူ-၁၈ (မြောက်ပိုင်းဇုန်)မှာ သွင်းဂိုး ငါးဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။
ဒီလို တိုးတက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ချယ်လ်ဆီးက ဂျော့ရှ်အာဘေးနဲ့ သူ့မိသားစုကို လန်ဒန်ဆီရောက်ရှိလာအောင် စည်းရုံးသိမ်းသွင်းဖို့ စီမံချက်တွေ ချမှတ်ထားတယ်လို့ သိရပါတယ်။