အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှ သင်ခန်းစာယူသွားမယ်လို့ ဆန်းဒါးလန်းနည်းပြ လီဘရစ် ပြောကြား
ဆန်းဒါးလန်းအသင်းရဲ့ နည်းပြဖြစ်သူ ရက်ဂျစ် လီဘရစ်က ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အဆိုပါဂိုးရလဒ်ဟာ သူတို့အသင်းရဲ့ ကစားကွက်နဲ့ခြေစွမ်းကို ညံ့ဖျင်းတယ်လို့ ပြောလို့မရကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို မာတင် ဇူဘီမန်ဒီက တစ်ဂိုးနဲ့ ဗစ်တာ ယော်ကရက်စ်က နှစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဆန်းဒါးလန်းအတွက်တော့ ခက်ခဲတဲ့ ရလဒ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ နည်းပြ လီဘရစ်က "ဂိုးရလဒ်ကတော့ ရလဒ်ပါပဲ။ အာဆင်နယ်အသင်းက တရစပ် တိုက်စစ်ဆင်နိုင်သလို ကျွန်တော်တို့ဆီကရတဲ့ အခွင့်အရေးတွေကိုလည်း အမိအရ အသုံးချသွားနိုင်တဲ့ အရည်အချင်းကို ပြသသွားခဲ့ပါတယ်" လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ၎င်းအနေနဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အားရမှုရှိနေပြီး "ခြုံငုံကြည့်ရင်တော့ ကျွန်တော်တို့အသင်းသားတွေဟာ စိတ်ဓာတ်ပိုင်း ကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ကြသလို တတိယဂိုး မပေးရခင်အထိ ပွဲထဲမှာ အပြည့်အဝ အာရုံစိုက်ထားနိုင်ခဲ့ကြပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ဒုတိယပိုင်း အစောပိုင်းကာလတွေမှာ ချေပဂိုးတွေပြန်ရဖို့ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကိုလည်း လီ ဘရစ်က ထောက်ပြခဲ့ပါတယ်။
"အာဆင်နယ်ဟာ အရှိန်အဟုန်ရနေတဲ့ အသင်းတစ်သင်းပါ။ သူတို့ဟာ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်လို့ ကျွန်တော်တို့ဟာ တကယ့်အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဒီအသင်းကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တာဖြစ်လို့ အတွေ့အကြုံပိုင်း ရင့်ကျက်မှုကို ခံစားရသလို ကစားကွက် အစိတ်အပိုင်းတိုင်းမှာလည်း ပြည့်စုံလွန်းနေတာကြောင့် ရလဒ်ကို လက်ခံပြီး သင်ခန်းစာယူရမှာဖြစ်တယ်လို့လည်း လီ ဘရစ်က ပြောပါတယ်။
ဆန်းဒါးလန်းဟာ ယခုရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းဖြစ်ပေမဲ့ အခုလို အသင်းကြီးနဲ့ ယှဉ်ပြိုင်ရာမှာ အားမလျော့ဘဲ ကစားနိုင်ခဲ့တာဟာ အတွေ့အကြုံတွေကနေတစ်ဆင့် တိုးတက်လာတာကို ပြသနေတာဖြစ်ကြောင်းလည်း လီဘရစ်ကပြောကြားခဲ့ပါတယ်။
"အဆင့်အတန်းမြင့်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပြိုင်ဘက်က ကိုယ့်ထက် သာလွန်နေရင် ခက်ခဲတတ်ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေး သုံးလေးကြိမ်လောက် ရခဲ့ပေမဲ့ အဲဒီအချိန်တွေမှာ အဆုံးသတ် သေချာဖို့ လိုအပ်ပါတယ်" လို့ လီ ဘရစ်က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။